တောင့်တင်းတဲ့ ပွဲထွက်လူစာရင်း

ရာသီကြိုမှာ စီနီယာနဲ့ လူငယ်တွေကို အမျိုးမျိုး တွဲဘက်နေခဲ့ပေမယ့် ဒီပွဲမှာတော့ ကြံ့ခိုင်မှု ရာနှုန်းပြည့် မကောင်းသေးတဲ့ အယ်လီဆန်နေရာ အတ်ဒရီယန် ထည့်တာကလွဲလို့ အမာခံ လူစာရင်းကို ထုတ်သုံးခဲ့ပါတယ်။ ကိုနတေး၊ နူးညက်စ်နဲ့ ကိတ်တာတို့ ပွဲထွက်လူစာရင်းမှာ မပါနိုင်ခဲ့ပါဘူး။

လီဗာပူးလူစာရင်းဟာ အသက် ၃၀ အရွယ် ကစားသမားအများစုဖြစ်ခဲ့ပြီး ထရန့်၊ ရိုဘို၊ ဖာဘင်ညိုနဲ့ ဒီယက်စ်တို့ပဲ ၃၀ အောက်တွေအဖြစ် ပါဝင်ခဲ့ကြပါတယ်။ ဒါကြောင့် ၁၉၅၃ ခုနှစ်နောက်ပိုင်း အသက်အကြီးဆုံး ပွဲထွက်လူစာရင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါပေမယ့် ဒီအသင်းဟာ အကောင်းဆုံး ကစားနိုင်နေဆဲဖြစ်ပြီး ဒုတိယပိုင်း လူစားဝင် ကစားသမားစာရင်းမှာ နူးညက်စ်၊ ဟာဗေး၊ ဂျုံး၊ ကာဗာရိုတို့လို လူငယ်ကစားသမား အစုအဖွဲ့တွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ကလော့ပ်က သမ္ဘာနဲ့ လူငယ်တွေကို အချိုးကျ ပေါင်းစပ်မှုနဲ့အတူ ဘောလုံးရာသီကို ကျော်ဖြတ်မှာဖြစ်ပါတယ်။

ဘောလုံးပေးမှု၊ ပြေးနှုန်းနဲ့ ဖိအားပေးမှုခြင်း

လီဗာပူးအသင်းသားတွေဟာ ပြေးနှုန်းတွေ ခပ်များများ ပြုလုပ်ကြသလို ဗန်ဒိုက်၊ သီယေဂိုတို့ရဲ့ အဝေးဘော ဒေါင့်ဖြတ်ပေးမှုတွေက ဆာလာနဲ့ ဒီယက်စ်တို့ထံ ဖြန့်ဝေမှုတွေမှာ အလုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ရာနှုန်းပြည့် ကြံ့ခိုင်မှုတွေနဲ့တော့ မကစားနိုင်သေးပါဘူး။

ဒီယက်စ်နဲ့ ဆာလာတို့ကို အသင်းရဲ့ ခံစစ်အစွန်နေရာထိ မြင်ခဲ့ရသလို ဖာမင်နိုကလည်း ဗဟိုခံစစ်ထိ ဆင်းခဲ့တာတွေအရ တိုက်စစ်သမားတွေဟာ ခံစစ်ကို ကူညီဖို့ အမြဲတမ်း အဆင်သင့်ရှိခဲ့ကြပါတယ်။ ပထမပိုင်းမှာ ပိုမို ထိုးဖောက်ကစားခဲ့ပြီး မန်စီးတီးက ပိုင်ဆိုင်မှု ထိန်းချုပ်လာချိန်မှာ အသင်းလိုက်နဲ့ အကောင်းဆုံး ခုခံပြခဲ့ပါတယ်။

ယုံကြည်မှုတွေ တိုးပွားလာတဲ့ ဒါဝင်

မန်စီးတီးနဲ့ပွဲ သရေကျနေချိန်ကစပြီး ဂိုးပြတ် ဦးဆောင်သွားချိန်ထိ ကွင်းထဲမှာ နူးညက်စ် ရှိနေခဲ့ပါတယ်။ ဖာမင်နိုနဲ့တုန်းက တိုက်စစ်ပိုင်းမှာ ဒီယက်စ်၊ ဆာလာတို့နဲ့ ချိတ်ဆက်ကစားခဲ့ပေမယ့် နူးညက်စ် ပါလာချိန်မှာတော့ ဗဟိုကို အားပြုတဲ့ ကောင်တာတိုက်စစ်ပိုဆန်ခဲ့ပါတယ်။

မန်စီးတီး ခံစစ်ကြောင်းကို ဖောက်ထွက်ပြေးမှုတွေ လုပ်ပြခဲ့တဲ့ နူးညက်စ်ဟာ ဗဟိုခံစစ်မှူး နှစ်ဦးကြား နေရာလွတ်တွေထံ ပတ်ပြေးပြီး အသင်းဖော်တွေ တောင်ပံနဲ့ ဧရိယာထိပ်မှာ နေရာလွတ်ရဖို့ ချဲ့ထုတ်ပေးနိုင်ခဲ့တယ်။

သွင်းဂိုးရခဲ့တာကတော့ သူ့ရဲ့ ယုံကြည်မှုကို အမြင့်ဆုံးအဆင့်ကို ဆွဲတင်ပေးလိုက်တာပါပဲ။ မန်စီးတီးလိုအသင်းကို ရင်ဆိုင်ပြီး သွင်းဂိုးနဲ့ ဒိုင်းဆုကြီး ကိုင်မြောက်ရတာအပြင် လီဗာပူးပရိသတ်တွေရဲ့ အားပေးပုံတွေက နူးညက်စ်ကို စိတ်အားတက်ကြွစေပါလိမ့်မယ်။

ဟာဗေးနဲ့ ကာဗာရိုတို့ရဲ့ ဆာလောင်မှု

ဟန်ဒါဆန်နေရာမှာ ဟာဗေးက ခပ်စောစော လူစားဝင်ခဲ့ပေမယ့် ကာဗာရိုကတော့ အနည်းငယ် နောက်ကျပြီးမှ ဒီယက်စ်နေရာ အစားဝင်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်ဦးလုံးထံက တောက်ပတဲ့ ခြေစွမ်းတွေ လုပ်ပြလိုစိတ်တွေကို မြင်ခဲ့ရပါတယ်။

ဟာဗေးက ကွင်းလယ်တိုက်စစ်နေရာဆို ပိုခြေစွမ်းပြနိုင်သလို ကာဗာရိုကလည်း ဘယ်ခြမ်းတောင်ပံကနေ အတွင်းလူနေရာဝင်ပြီး နောက်ချန် တိုက်စစ်သမားအဖြစ် ကစားရတာကို ပိုခြေတွေ့ပုံရပါတယ်။ သူတို့ကို ဖိအားကြီးတွေ မပေးဘဲ ပွဲထဲကနေ သင်ယူမှုတွေနဲ့ တိုးတက်လာစေတာက ပိုကောင်းပါတယ်။

ရာသီသစ်

အန်ဖီးကွင်းမှာ ရာသီသစ်မတိုင်ခင် နောက်ဆုံးသော ခြေစမ်းပွဲ ၁ ပွဲ ကစားပါဦးမယ်။ မန်စီးတီးနဲ့ပွဲမှာ ကစားချိန်မရခဲ့တဲ့ ကိုနတေး၊ ဂိုးမက်စ် အပြင် ဟာဗေး၊ ကာဗာရိုတို့ အဓိက ကစားကြမှာဖြစ်ပါတယ်။ အဲ့တာပြီးရင် သြဂုတ်လ ၆ ရက်နေ့ ဖူလ်ဟမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာပါ။

သြဂုတ်လ ၇ ရက်နေ့ မာဆေးဆိုဒ်မှာပဲ အက်စတွန်ဗီလာနဲ့ ကွင်းပိတ် ခြေစမ်းပွဲတစ်ပွဲ ထပ်ပြီး ကစားဦးမှာဖြစ်ပါတယ်။