ဒီလတွေမှာ တိုက်စစ်မှူး ဖာမင်နိုရဲ့ အနာဂတ်အတွက် သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေပေမယ့် ဘရာဇီး တိုက်စစ်မှူးဟာ ရာသီကုန်ထိ လီဗာပူးမှာပဲ ဆက်ရှိသွားမှာပါ။

အောက်တိုဘာလမှာ အသက် ၃၁ နှစ် ပြည့်တော့မယ့် ဖာမင်နိုဟာ လီဗာပူးအသင်းနဲ့ ၂၀၂၃ ခုနှစ်ထိပဲ စာချုပ်ရှိထားသူပါ။ ကလပ်နဲ့ သူ့ကြားမှာ စာချုပ်ကိစ္စ ဆွေးနွေးနေမှု မရှိပေမယ့် ဇန်နဝါရီနောက်ပိုင်းမှာတော့ အင်္ဂလန်ပြင်ပ ကလပ်တွေက အကြို ဆွေးနွေးခွင့်ရမှာဖြစ်ပါတယ်။

အနာဂတ်နဲ့ ပတ်သက်လို့ ဖာမင်နိုက “ ဒီအသင်းကို ကျနော် ချစ်တယ်၊ ဒီမြို့နဲ့ အသင်းပရိသတ်တွေကိုကောပါပဲ။ ကျနော် ဒီမှာပဲ ရှိနေမှာပါ။ အသင်းမှာပဲ ဆက်ရှိနေချင်ပါတယ် ” ဆိုပြီး ခပ်တိုတိုပဲ ဖြေပေးခဲ့တာဖြစ်ပါတယ်။

ဘာတွေဆက်ဖြစ်လာမယ်ဆိုတာ မရှင်းလင်းသေးပေမယ့် ဒီနွေမှာတော့ လီဗာပူးက ဖာမင်နိုကို လက်လွတ်ခံမှာ မဟုတ်ပါဘူး။ ဒီယက်စ်၊ နူးညက်စ်တို့ အသင်းမှာ အသားကျရေးအတွက် ဖာမင်နိုရဲ့ ကူညီပေးနိုင်စွမ်းအပေါ် အသင်းက အများကြီး မျှော်လင့်ထားပါတယ်။

နည်းပြကလော့ပ်ကတော့ “ ဘော်ဘီက ကျနော်တို့အတွက် အရေးပါတဲ့သူပါ။ သူက လီဗာပူးအသင်းရဲ့ နှလုံးသားနဲ့ စိတ်ဝိဉာဉ်ပဲဖြစ်ပါတယ်။ ကိစ္စအားလုံးက အခြေအနေ ကောင်းနေပါတယ်။ ကျနော်ကလည်း လုံးဝ အဆင်ပြေပါတယ်။

ကျနော်အတွက်ဆိုရင်တော့ ဘော်ဘီရဲ့ အရည်အချင်းက သံသယဝင်စရာကို မလိုတာပါ၊ သူက အသင်းအတွက် မရှိမဖြစ် ကစားသမားပါပဲ ” လို့ ကွန်မြူနတီဒိုင်း ပွဲကြိုမှာ ဖြေခဲ့ပါတယ်။

တိုက်စစ်မှာ မာနေး ထွက်သွားသလို ဂျိုတာ ဒဏ်ရာရနေပြီး နူးညက်စ် အသားကျဖို့ လိုအပ်နေသေးတာကြောင့် ဖာမင်နိုဟာ ရာသီအစောပိုင်း ပွဲစဉ်တွေအတွက် အဓိကကျတဲ့ တိုက်စစ်သမားဖြစ်လာဖို့ ရှိနေပါတယ်။