ဒီအပတ် စနေနေ့ဖြစ်တဲ့ သြဂုတ်လ ၆ ရက်နေ့ မြန်မာစံတော်ချိန် ည ၆ နာရီမှာတော့ လီဗာပူးအသင်းဟာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ပထမဆုံးသော ပရီးမီးယားလိဂ်ပွအဖြစ် ဖူလ်ဟမ်အသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

မနှစ်ကရာသီ မန်စီးတီးနောက် ၁ မှတ်အကွာကနေ ပရီးမီးယားလိဂ်ဖလားကို လက်လွတ်ခဲ့ရတဲ့ လီဗာပူးအသင်းဟာ ဒီရာသီမှာ စတင်ခြင်းတွေကို ရင်ဆိုင်ရတော့မှာပါ။ ဒီရာသီရဲ့ ပထမဆုံး ပြိုင်ဘက်ကတော့ မနှစ်ကရာသီ ချန်ပီယံရှစ်မှာ ဗိုလ်ဆွဲပြီး ပရီးမီးယားလိဂ်ကို တက်ရောက်လာတဲ့ ဖူလ်ဟမ်ပဲ ဖြစ်ပါတယ်။

ဒီပွဲအတွက် ပရီးမီးယားလိဂ် ဘောလုံးသုံးသပ်သူ ပေါလ်မာဆန်ရဲ့ သုံးသပ်ချက်နဲ့ ရလဒ် ခန့်မှန်းတွေကို ဖော်ပြသွားပါမယ်။

ဖူလ်ဟမ် Vs လီဗာပူး
ပရီးမီးယားလိဂ် ပွဲစဉ် (၁)
သြဂုတ်လ ၆ ရက်၊ စနေနေ့။
မြန်မာစံတော်ချိန် ညနေ ၆း၀၀ နာရီ။

ပေါလ်မာဆန်ရဲ့ သုံးသပ်ချက်။ ။ ဖူလ်ဟမ်အတွက်တော့ ပရီးမီးယားလိဂ် ဘောလုံးရာသီ အစမှာ ဒီထက် ပိုဆိုးစရာ နည်းလမ်း မရှိတော့ပါဘူး။ ချန်ပီယံရှစ်မှာတုန်းက တိုက်စစ်အားသန် အသင်းများစွာနဲ့ ကစားထားတဲ့ သူတို့ဟာ လီဗာပူးကို ရင်ဆိုင်ရာမှာ တစ်သင်းလုံး ခံစစ်ကို အားပြုရမှာပါ။ ဒါကပဲ သူတို့အတွက် ပြဿနာဖြစ်လာဖို့ ရှိနေပါတယ်။

ဒီပွဲမှာ ဒါဝင် နူးညက်စ် ပွဲထွက်ခွင့်ရမယ် ထင်ပါတယ်။ ဒီလိုပြောရတာက ဒီပွဲက ကြီး ၆ ကြီးထဲက တစ်သင်းကို ရင်ဆိုင်ရမယ့်ပွဲ မဟုတ်ပါဘူး။ ဒီပွဲကို လီဗာပူးအသင်းက လွှမ်းမိုး ကစားမယ်ဆိုတာ လူတိုင်း သိပါတယ်။

နူးညက်စ်က သူ ဂိုးသွင်းလို့ ရနိုင်မယ့် နေရာက ကစားရမယ့် ပွဲတွေကို ကစားရဖို့ လိုပါတယ်။ ဒီပွဲက သူ့ရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲဖြစ်လာဖို့အတွက် သိပ်ကောင်းတဲ့ ပွဲစဉ်ပါပဲ။

ပရီးမီးယားလိဂ် ဘောလုံးရာသီ အစမှာတင် တန်းတက်ကလပ်တွေကို ရင်ဆိုင်ရတာက ခက်ခဲပါတယ်။ ရာသီစဖြစ်လို့ သူတို့က အင်အားသစ်တွေနဲ့ စိတ်လှုပ်ရှားနေတတ်ပါတယ်။ ရာသီဝက်လောက်မှ သူတို့နဲ့ တွေ့တာက ပိုကောင်းပါတယ်။ လီဗာပူးက ထူးချွန်တဲ့ အသင်းဖြစ်တာကြောင့် ဒီပွဲကို ခပ်လွယ်လွယ်လေး အနိုင်ရသင့်ပါတယ်။

ဖူလ်ဟမ်နဲ့ လီဗာပူးပွဲအတွက် ပေါလ်မာဆန်ရဲ့ ရလဒ်ခန့်မှန်းကတော့ လီဗာပူးအသင်းက ၂-၀ နဲ့ အနိုင်ရမယ်လို့ ဖြစ်ပါတယ်။