ပရီးမီးယားလိဂ် ဘောလုံးရာသီသစ်မှာတော့ ဒိုင်၊ ဘောလုံးစည်းမျဉ်း အပြောင်းအလဲနဲ့ အသစ်သော ကိစ္စတွေ ရှိလာခဲ့ပါပြီ။ ဒါတွေကို မိတ်ဆက်ပေးပါမယ်။

ပရီးမီးယားလိဂ် တန်းတက် ၃ သင်း

ချန်ပီယံရှစ်မှာ အဆင့် ၁၊ ၂ ဆိုတဲ့ နေရာတွေနဲ့အတူ ဖူလ်ဟမ်နဲ့ ဘုန်းမောက်တို့က တန်းတက်လာခဲ့ပါတယ်။ နော်တင်ဟမ် ဖောရက်စ်ကတော့ playoff ကတစ်ဆင့် ၂၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အဆင့်မြင့်တန်းလိဂ်ထံ ပြန်ရောက်လာခြင်းဖြစ်ကာ စက်တင်ဘာလ မရောက်ခင်မှာတင် လီဗာပူးအသင်းက အဆိုပါ ၃ သင်းလုံးနဲ့ ယှဉ်ပြိုင်ရပါမယ်။

ကမ္ဘာဖလား

နိုဝင်ဘာလနဲ့ ဒီဇင်ဘာလမှာတော့ ကမ္ဘာဖလားကြောင့် ကလပ်ပွဲတွေကို ရပ်နားပါမယ်။ ပရီးမီးယားလိဂ်ကို ပုံမှန်အတိုင်း စတင်လာခဲ့ပြီး ချန်ပီယံလိဂ် အုပ်စုအဆင့်တွေ ယှဉ်ပြိုင်ရမှာဖြစ်ကာ ဒီကြားကာလမှာ နိုင်ငံတကာ သီတင်းပတ် တစ်ခု ရှိပါဦးမယ်။ နိုဝင်ဘာလ ၁၂ ရက်ကနေ ဒီဇင်ဘာလ ၂၆ ရက်နေ့ထိ ၆ ပတ်ကာလကို ကမ္ဘာဖလား ယှဉ်ပြိုင်နေစဉ်မှာ ကလပ်တွေက ခြေစမ်းပွဲတွေ ကစားခွင့်ရထားပါတယ်။

လူစားလဲမှု ၅ ကြိမ်

ကိုဗစ်ကပ်ဘေးမှာ မိတ်ဆက်ခဲ့တဲ့ လူစားလဲမှု ၅ ခုကို လာမယ့်ရာသီမှာ တရားဝင် ခွင့်ပေးသွားမှာပါ။ ဒါကြောင့် ပရီးမီးယားလိဂ်၊ ပြည်တွင်းဖလားတွေနဲ့ ဥရောပပြိုင်ပွဲ အားလုံးမှာ လူစားလဲခွင့် ၅ ကြိမ် ရမှာဖြစ်တယ်။ ဒီစည်းမျဉ်းနဲ့ ကမ္ဘာဖလားအရ လူငယ်တွေ သေချာပေါက် နေရာရပါလိမ့်မယ်။

ဒိုင်လူကြီးအသစ်များ

မနှစ်ကရာသီမှာ ပရီးမီးယားလိဂ်ရဲ့ သမ္ဘာရင့် ဒိုင်လူကြီးတွေဖြစ်တဲ့ Mike Dean, Jon Moss, Martin Atkinson, Kevin Friend တို့ အနားယူခဲ့ကြပြီဖြစ်ပါတယ်။ သူတို့နေရာမှာ အခြားသော ဒိုင်လူကြီး ၄ ဦးက တိုးမြင့် ဝင်ရောက်လာမှာပါ။

ပွဲနေ့တွေမှာတော့ ကွင်းလယ်ဒိုင်နဲ့ VAR ဒိုင်တွေ ဘာပြောကြလဲဆိုတာကို အများသူငှာ သိရှိအောင် ပွဲအပြီးတွေမှာ ထုတ်ပြပေးမှာဖြစ်ပါတယ်။

Multi-ball system

ဒီစနစ်အရ ပွဲတစ်ပွဲမှာ ပွဲနေ့ ဘောလုံး ၁၀ လုံး ထားရှိပါမယ်။ မနှစ်ကရာသီမှာ မိနစ် ၉၀ ပွဲတစ်ပွဲအတွင်း ဘောလုံးကစားနေချိန်က ၅၅ မိနစ် ၇ စက္ကန့်စာပဲ ရှိပါတယ်။ ဒါကြောင့် အချိန်ဆွဲကြမှုတွေကို ရပ်တန့်အောင် စနစ်သစ်ကို မိတ်ဆက်မှာဖြစ်ပါတယ်။

ကွင်းထဲမှာ ရှိနေတဲ့ အဓိက ဘောလုံးအပြင် ကွင်းရဲ့ အဓိက နေရာ ၈ နေရာမှာ ဘောလုံး ၈ လုံးထားရှိပါမယ်။ စတုတ္ထဒိုင်ရဲ့ လက်ထဲမှာ နောက်ဆုံးဘောလုံး ထားရှိပါမယ်။ နှစ်သင်းလုံး အရှိန်နဲ့ ကစားနေကြချိန် တစ်သင်းရဲ့ အချိန်ဆွဲမှုတွေကို လက်ခံတော့မှာ မဟုတ်ပါဘူး။

ဒူးထောက်ကြတော့မည် မဟုတ်

လူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင်တဲ့ အနေနဲ့ ပွဲမစခင် ဒူးထောက်ကြတဲ့ အလေ့အထဟာ သက်ရောက်မှု မရှိခြင်းကြောင့် ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

လူကျွံကြောင်း ပြဖို့ အချိန်ယူမှာမဟုတ်

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ လူကျွံဘောဖမ်းကစားမှု အမြင့်ဆုံးအသင်း ဖြစ်ပေမယ့်လို့ စည်းကြပ်ဒိုင်က အမြဲတမ်း အလံထောင်ဖို့ နောက်ကျခြင်းဟာ အတော်လေး စိတ်ပျက်စရာဖြစ်ထားခဲ့ပါတယ်။ ရာသီသစ်မှာတော့ အဲ့လိုဖြစ်တော့မှာ မဟုတ်ပါဘူး။

ဆုံးဖြတ်ရ ခက်ခဲတဲ့ အခြေအနေနဲ့ သွင်းဂိုးအတွက် ရှင်းလင်းတဲ့ အခွင့်အရေးမှ မဟုတ်ရင် စည်းကြပ်ဒိုင်က လူကျွံဘောတွေကို ယုံကြည်မှုရှိရှိ ခပ်မြန်မြန် အချက်ပြမှာဖြစ်ပါတယ်။