လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း လီဗာပူးနည်းပြဟာ သူ့ရဲ့ ကျော်ကြားတဲ့ တိုက်စစ်သုံးယောက်ကို အားကိုးပြီး လီဗာပူးကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားနိုင်ခဲ့တာပါ။

ဒါပေမယ့် အချိန်တွေက ပြောင်းလဲသွားခဲ့ပါပြီ။ မာနေးဟာ အန်ဖီးကို လက်ပြနှုတ်ဆက်ခဲ့ပြီးဖြစ်ပြီး ဖာမင်နိုကလည်း အရင်လို မဟုတ်ဘဲ ခြေစွမ်းပိုင်းမှာ ယိမ်းယိုင်လာနေပြီ ဖြစ်ပါတယ်။

ဆာလာက ထိပ်တန်းခြေစွမ်း ရှိနေသေးဆဲဖြစ်ပေမယ့် လီဗာပူးရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲဟာ ကလော့ပ်အနေနဲ့ သူ့တိုက်စစ်ကို အနာဂတ်အတွက်သာမက လက်ရှိ အတွက်ပါ တိုးတက်အောင် ပြုပြင်ပြောင်းလဲမှရမယ်ဆိုတာ မြင်သာစေခဲ့ပါတယ်။

လီဗာပူးဟာ ဖူလ်ဟမ်ကို အဝေးကွင်းမှာ ၂ဂိုးစီ သရေကျခဲ့ပေမယ့် အသင်းရဲ့ ကောင်းမွန်မှုမရှိတဲ့ စွမ်းဆောင်ရည်ကြားမှာ သရေတစ်မှတ်ရလို့ နည်းပြက ကျေနပ်နေခဲ့တာပါ။ ဒါပေမယ့် ဖာမင်နိုနေရာမှာ ဒါဝင်နဲ့ အစားမထိုးခဲ့ရင် လီဗာပူးအသင်းက တစ်မှတ်မှမရပဲ ပြန်လာခဲ့ရဖို့ ရှိပါတယ်။

နူးညက်စ်က ၅၁ မိနစ်မှာ လူစားဝင်လာပြီးနောက် သွင်းဂိုးနဲ့ ဖန်တီးမှုတစ်ကြိမ် ရယူပေးခဲ့တာဟာ ကလော့ပ်အနေနဲ့ ပွဲထွက် ၁၁ ယောက်စာရင်းမှာ ဥရုဂွေးသားကို ဦးစားပေးပြီး မျက်နှာသစ် ကစားသမားတွေကို တဖြည်းဖြည်း နေရာယူပေး ချဉ်းကပ်ဖို့ အချိန်တန်ပြီလို့ ဆိုနိုင်ပါတယ်။

စနေနေ့ပွဲအတွက် လူစာရင်းကို ဂျေမီကာရေဂါ ခန့်မှန်းခဲ့သလိုပဲ နူညက်ဟာ အရံခုံ ထိုင်ခဲ့ရတာဖြစ်ပြီး ကွန်မြူနတီဒိုင်းမှာလိုပဲ လူစားဝင်ကစားပြီး ဂိုးသွင်းခဲ့တာပါ။

“ ဖူလ်ဟမ်နဲ့ပွဲမှာ ဖာမင်နို ပွဲထွက်ခွင့်ရခဲ့တယ်။ ဘာလို့လဲဆိုတော့ ကလော့ပ်က ကစားသမားသစ်တွေကို ချက်ချင်း နေရာမပေးပဲ တဖြည်းဖြည်း ဆွဲခေါ်တတ်တဲ့ သမိုင်းရှိတယ်။

ကွန်မြူနတီဒိုင်းမှာ မြင်ခဲ့ရပါတယ်။ စီးတီးတိုက်စစ်မှူး ဟာလန်းက ပွဲထွက်ကစားခဲ့ရပေမယ့် ကလော့ပ်ကတော့ နူးညက်စ်ကို သိပ်ပြီး မထင်ရှားစေခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူတစ်ဂိုးသွင်းခဲ့တယ်၊ ပင်နယ်တီရခဲ့တယ်။ ဒါပေမယ့် ဖာမင်နိုကလည်း ကောင်းကောင်း ကစားခဲ့ပါတယ်။

ဒါကြောင့် ဖူလ်ဟမ်နဲ့ပွဲမှာ ဖာမင်နို ကစားခွင့်မှာဖြစ်သလို ကစားသမားသစ်တွေ မပါဘဲ ပုံမှန် လီဗာပူးအသင်းတစ်သင်းလုံး နီးပါး ဖြစ်ခဲ့တာပါ ” လို့ ကာရေဂါက မှတ်ချက်ပေးခဲ့တာပါ။

တကယ်တမ်းမှာလဲ အဲ့လိုပဲ ဖြစ်ခဲ့ပေမယ့် မနှစ်က လိဂ်ဂိုး ၅ ဂိုးသာရခဲ့တဲ့ ဖာမင်နိုဟာ ဧရိယာအတွင်း သွင်းဂိုး အနံ့ခံနိုင်စွမ်း ထက်မြက်မှုတွေ ကျဆင်းလာခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီရာသီပွဲတွေမှာ ဘရာဇီးသားဟာ ပွဲမပြီးခင် လူစားလဲခံရမှုတွေ များနေခဲ့တာပါ။

အခုဆိုရင် နူးညက်စ်ဟာ လီဗာပူးအတွက် ကစားချိန် စုစုပေါင်း မိနစ် ၇၀ မှာပဲ တိုက်ရိုက် ဂိုးပါဝင်ပတ်သက်မှု ၃ ကြိမ် ရခဲ့တာဖြစ်ပြီး လီဗာပူးနဲ့ ဒီရာသီမှာ အသားကျလာရင် သူ့ရဲ့ ဂိုးမှတ်တမ်းက ပိုတိုးလာဖို့သာ ရှိတယ်လို့ ကလော့ပ်က ယုံကြည်ထားတာပါ။

“ ကျွန်တော်တို့ အသင်းလိုက် ကောင်းကောင်းကစားနိုင်နေပြီလို့ စိတ်ကူးကြည့်လိုက်။ အဲ့ဒါဆိုရင် ကျွန်တော်တို့ သူ့အတွက် ဘယ်လောက်တောင် ဖန်တီးပေးနိုင်လိမ့်မလဲ။ ဘာလို့လဲဆိုတော့ အသင်းလိုက် အချိတ်အဆက်မိဖို့က ကျွန်တော်တို့ရဲ့ အဓိက ပြဿနာ ဖြစ်နေပါတယ်။

ကျွန်တော်တို့ရဲ့ ဘောလုံးပေးပို့မှုတွေက များသောအားဖြင့် မလုံလောက်ခဲ့ပါဘူး။ ကျွန်တော်တို့မှာ အခွင့်အရေးတွေ အများကြီး ရှိခဲ့တာပါ။ ဒါက ရူးလောက်စရာပဲ ” လို့ ကလော့ပ်က ဆိုပါတယ်။

နောက်အပတ် တနင်္လာနေ့ အန်ဖီးမှာ ယှဉ်ပြိုင်ရမယ့် ပဲလေ့စ်နဲ့ပွဲ မတိုင်ခင် အခြေအနေတွေကို ကြည့်ရသလောက် ကလော့ပ်အနေနဲ့ ဖာမင်နို မဟုတ်ဘဲ နူးညက်စ်ကို ပွဲထွက်ခွင့်ပေးဖို့ စဉ်းစားလာဖွယ် ရှိနေခဲ့မယ်လို့ ယုံကြည်ရတာ ဖြစ်ပါတယ်။