လီဗာပူးအသင်းဟာ ရာသီအဖွင့်ပွဲဖြစ်တဲ့ ဖူလ်ဟမ်နဲ့ အဝေးကွင်းပွဲမှာ သရေတစ်မှတ်ရဖို့ကို အတော်လေး ခက်ခက်ခဲခဲ ကြိုးစားလိုက်ရပါတယ်။

ဒါဝင်နူးညက်စ်၊ ဆာလာတို့က ဒုတိယပိုင်းမှာ ဂိုးသွင်းခဲ့ကြပေမယ့် လီဗာပူးဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ဖူလ်ဟမ်ကို ယှဉ်ကစားဖို့ အတော်လေး ရုန်းကန်ခဲ့ရတာပါ။ ကွင်းလယ်လူတွေရဲ့ တက်ကြွစွာ မကစားနိုင်မှုအပေါ် အပြစ်တင်မှု များခဲ့ပေမယ့် တစ်သင်းလုံးနီးပါး သာမာန်ခြေစွမ်းလောက်ပဲ ရှိခဲ့ကြတာပါ။

ဒါကြောင့်ပဲ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်၊ ခံယူချက်တွေနဲ့ ပတ်သက်လို့ ကလော့ပ်က မကျေမနပ် ဖြစ်နေခဲ့တယ်။ ဒီအပတ် လေ့ကျင့်ရေးတွေအတွင်း နောက်ပွဲမှာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ နည်းပြနဲ့ အသင်းသားတွေဟာ အလုပ်တွေ ရှုပ်နေတော့မှာ ဖြစ်ပါတယ်။

အဖွင့်သရေပွဲပြီး လီဗာပူးအသင်းဟာ တနင်္လာည ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲ မတိုင်ခင်အထိ ကစားရမှာ မဟုတ်ပါဘူး။ ဒီနှစ်သင်းဟာ အာရှရာသီကြိုမှာ တွေ့ဆုံခဲ့ပြီးဖြစ်ပြီး လီဗာပူးက ၂-၀ နဲ့ အနိုင်ရခဲ့တယ်ဆိုပေမယ့် ပဲလေစ့်မှာ အဓိက ကစားသမား အများအပြား မပါနိုင်ခဲ့ပါဘူး။

ဗီအဲရာရဲ့ အသင်းဟာ ကစားအားကောင်းပြီး အန္တရာယ်ရှိတဲ့ အသင်းသားအချို့ကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ကို ရင်ဆိုင်ဖို့ ကလော့ပ်ဟာ ပွဲထွက်လူစာရင်းမှာ အပြောင်းအလဲတချို့ လုပ်လာနိုင်ပါတယ်။ လာမယ့်ပွဲအတွက် ကလော့ပ်ရဲ့ ရွေးချယ်စရာတွေကို ဝေဖန်အကဲဖြတ်ကြည့်ရအောင်ပါ။

နောက်တန်းကို ပြောင်းလဲမှာလား

ဖူလ်ဟမ်နဲ့ပွဲမှာ ၂ ဂိုးပေးလိုက်ရပေမယ့် လီဗာပူးခံစစ်က တခြားသော အခွင့်အရေးကြီးကြီးမားမား သိပ်မပေးခဲ့ရပါဘူး။ ပဲလေ့စ်နဲ့ပွဲမှာ ဗန်ဒိုက်က ဗဟိုခံစစ်ကို ထပ်မံ ဦးဆောင်လာမှာဖြစ်ပြီး ပင်နယ်တီ ပေးလိုက်ရတဲ့ စိတ်ပျက်ရမှုကို ချန်ထားခဲ့ဖို့ မျှော်လင့်နေပါလိမ့်မယ်။

ထရန့်နဲ့ ရိုဘိုတို့ နောက်ခံလူနှစ်ယောက်ကတော့ ကြံ့ခိုင်မှုပြဿနာမရှိရင် ထပ်မံပြီး ပွဲထွက်ခွင့်ရမှာပါ။ ဖူလ်ဟမ်နဲ့ပွဲမှာ သိပ်မဆိုးခဲ့တဲ့ ဂျိုးမာတစ်ကို အစားထိုးဖို့ အခြားသော ရွေးချယ်မှု လုပ်မလားကို ကြည့်ရမှာဖြစ်ပြီး ကိုနတေး ဒဏ်ရာရနေတာကြောင့် မာတစ်နေရာမှာ အစားထိုးလို့ရတဲ့သူက ဂျိုးဂိုမက်ပဲ ရှိပါတယ်။

ကလော့ပ်က အလုံးစုံ ပြောင်းလဲမှုတွေလုပ်မှာ မဟုတ်ဘဲ အလွန်ဆုံး မာတစ်နေရာ ဂိုးမက်စ်ကို ထည့်သွင်းပြီး ခံစစ်ကို နည်းနည်း ပြုပြင်ဖို့လောက်ပဲ စဉ်းစားနိုင်ပါတယ်။

ကွင်းလယ် အလှည့်အပြောင်းတွေ

သီယေဂို ဒဏ်ရာရသွားတဲ့နောက် ပဲလေ့စ်နဲ့ပွဲမှာ အနည်းဆုံးတော့ ကွင်းလယ်အစားထိုးစရာ ရှိလာပါလိမ့်မယ်။ ကာတစ်ဂျုံး ဒဏ်ရာရနေပြီး ချိန်ဘာလိန် လအတန်ကြာ ကစားခွင့် မရသေးပေမယ့် ကိတ်တာကတော့ အသင်းမှာ ပြန်ပါလာဖို့ ကြံ့ခိုင်မှု ပြည့်ဝနေမယ်လို့ သိထားရပါတယ်။

ပဲလေစ့်ပွဲမှာ ဖာဘင်ညို၊ ဟန်ဒါဆန်၊ ဟာဗေး အတွဲကို ထုတ်သုံးနိုင်ပြီး ဖာဘင်ညိုအစား ကိတ်တာကို သုံးတာလည်း ဖြစ်သွားနိုင်ပါတယ်။ လေးလံနေတဲ့ ကွင်းလယ်လူတွေ ခြေထောက် ပြန်သွက်လာဖို့က ပွဲကစားခွင့်တွေ လိုအပ်နေမှာဖြစ်ပါတယ်။

တိုက်စစ် လိုအပ်ချက်တွေ

ကစားသမားတွေရဲ့ ပွဲအစခြေစွမ်းကို သဘောမကျခဲ့ဘူးလို့ ကလော့ပ်က ဖူလ်ဟမ်ပွဲအပြီးမှာ ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် ဖာမင်နိုနေရာ နူးညက်စ် ဝင်လာပြီးနောက်မှာ အသင်းရဲ့ တိုက်စစ်ကစားပုံ တိုးတက်လာခဲ့တာကြောင့် ပဲလေ့စ်နဲ့ပွဲမှာ ဆာလာ၊ ဒီယက်စ်တို့နဲ့တွဲပြီး နူးညက်စ် နေရာရဖို့ မျှော်လင့်ပါတယ်။

အန်ဖီးကပွဲမှာ ဖာမင်နို အရန်ခုံထိုင်ရနိုင်ခြေ ရှိပါတယ်။ နူးညက်စ် နည်းတူ ကာဗာရိုကလည်း ပထမဆုံး အန်ဖီးကစားသမားဘဝကို ရရှိသွားနိုင်ပေမယ့် ပွဲထွက်လူစာရင်းက မဟုတ်ဘဲ လူစားဝင် ကစားသမားအဖြစ် ဝင်ရောက်ခြင်းပဲ ဖြစ်လာပါလိမ့်မယ်။

လက်တလောမှာ နည်းပြကလော့ပ် ဘာတွေ အပြောင်းအလဲ လုပ်သွားမလဲဆိုတာက ခန့်မှန်းရ လွယ်နေပါလိမ့်မယ်။ ဒါပေမယ့်လို့ ဂျိုတာ၊ အီဘူးနဲ့တကွ ဒဏ်ရာရ ကစားသမားတွေ ပြန်သက်သာလာချိန်မှာတော့ အသင်းရဲ့ ပွဲထွက်လူစာရင်းဟာ ခန့်မှန်းရ ခက်ခဲလာမှာပဲဖြစ်ပါတယ်။