လီဗာပူးအသင်းဟာ FSG လက်ထက် အန်ဖီးကွင်းကို ဒုတိယအကြိမ် အကြီးစား တိုးချဲ့မှုအဖြစ် Anfield Road ပွဲကြည့်စင်ကို ပေါင် သန်း ၈၀ အကုန်အကျခံ တည်ဆောက်နေပါတယ်။

Anfield Road ပွဲကြည့်စင်ဟာ အဝေးကွင်း ပရိသတ်တွေနဲ့ အိမ်ကွင်းပရိသတ်တွေ ဝေမျှ သုံးစွဲရတဲ့ ပွဲကြည့်စင်တစ်ခုဖြစ်ပါတယ်။ ထပ်တိုးလာမယ့် ထိုင်ခုံပေါင်း ၇၀၀၀ ဟာ အန်ဖီးကွင်း ဝင်ဆံ့မှုကို ၆၁၀၀၀ ထိ ရှိစေမှာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ သမိုင်းဝင် အန်ဖီးကွင်းနဲ့ ပေါင် ၁၁၀ သန်း အကုန်အကျခံ တိုးချဲ့တည်ဆောက်ခဲ့တဲ့ Main Stand တို့ရဲ့ နာမည်တွေကို ရောင်းချခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့်လို့ Anfield Road ပွဲကြည့်စင်ရဲ့ နာမည်ကိုတော့ ရောင်းချသွားဖို့ပါ စီစဉ်ထားပါတယ်။

၂၀၂၃ ခုနှစ် နွေကာလအတွင်းမှာ Anfield Road ပွဲကြည့်စင်က ပရိသတ်တွေကို လက်ခံဖို့ အဆင်သင့်ဖြစ်နေမှာပါ။ ဒါကြောင့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကစပြီး အန်ဖီးကွင်းဟာ ပိုများတဲ့ ပရိသတ်တွေကို ဧည့်ခံနိုင်မှာဖြစ်ကာ နှစ်တိုင်း ရင်ဆိုင်နေရတဲ့ တစ်ရာသီစာ လက်မှတ် ပြဿနာတွေကို လျော့ချနိုင်မှာဖြစ်ပါတယ်။

အသင်းဟာ ကိုဗစ်ကြောင့် ရပ်နားထားရတဲ့ stadium tour တွေကိုလည်း ပြန်လည် စတင်ဖို့ ပြင်ဆင်ထားပြီဖြစ်တယ်။ ဒါကြောင့် လာမယ့်ရာသီကစလို့ အသင်းရဲ့ ကွင်းဝင်ကြေးဟာ ပုံမှန် အနေအထားတစ်ရပ်ကို ပြန်ရောက်လာဖို့ ရှိနေပါတယ်။

နောက် ၂ နှစ်အကြာ ၂၀၂၄ နွေမှာတော့ အန်ဖီးကွင်းမှာ ဂီတပွဲနဲ့ ဖျော်ဖြေပွဲ အကြီးစားတွေ ထည့်သွင်းကာ အန်ဖီးကို ဘောလုံးမဟုတ်တဲ့ ပရိသတ်တွေနဲ့ပါ မိတ်ဆက်ပေးဖို့ စီစဉ်ထားပါတယ်။ အဲ့အတွက် ဖြစ်လာမယ့် ကွင်းမြက်ခင်း ပြဿနာတွေအတွက်လည်း ဒီရာသီမှာ hybrid အမျိုးအစား မြက်ခင်းသစ်ကို ခင်းထားခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးမြို့၊ အန်ဖီးကွင်းနဲ့ အစဉ်အလား များစွာကို မတူညီတဲ့ အနုပညာရှင်တွေနဲ့ ပေါင်းစပ်မှုဟာ အသင်းရဲ့ ဈေးကွက်ကို ပိုကြီးမားလာစေမယ်လို့ ဘီလီဟိုဂန် အပါအဝင် အသင်းတာဝန်ရှိသူတွေက ယုံကြည်ထားတယ်။

ဒီကနေ့ခေတ်မှာ ထိပ်တန်းကလပ်တွေရဲ့ အားကစားကွင်းတွေဟာ ဂီတပွဲတွေအပြင် အမေရိကန် အားကစားပြိုင်ပွဲတွေကို လက်ခံကျင်းပနေကြတာဖြစ်ပြီး အန်ဖီးကွင်းကတော့ သီးခြား အားကစားပြိုင်ပွဲတွေအတွက် ပြင်ဆင်လာတာမျိုးတွေ မရှိသေးတာဖြစ်ပါတယ်။