လီဗာပူးအသင်းမှာ သီယေဂို ဒဏ်ရာရသွားတာနဲ့အတူ ကလော့ပ်ရဲ့ ပွဲထွက်လူစာရင်းမှာ ဘယ်ကွင်းလယ် ၃ ယောက်တန်း ထွက်ပေါ်လာမလဲဆိုတာ မေးခွန်းတစ်ခုဖြစ်လာခဲ့ပါတယ်။

ဖူလ်ဟမ်နဲ့ပွဲမှာ သီယေဂို၊ ဖာဘင်ညိုနဲ့ ဟန်ဒါဆန် အတွဲကို ကလော့ပ် ထုတ်သုံးခဲ့ပါတယ်။ သူတို့ ကွင်းလယ်အတွဲဟာ မတူညီတဲ့ ကစားဟန်တွေကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သီယေဂိုကတော့ အရည်အချင်း အပြည့်ဆုံး ကွင်းလယ်လူအဖြစ် အသင်းကစားကွက်မှာ ကြီးကြီးမားမား ပါဝင်ရသူဖြစ်ပါတယ်။

သီယေဂိုဟာ ဘယ်ခြမ်း ကွင်းလယ်လူနေရာကို တာဝန်ယူခဲ့ပြီး သူဟာ ယာဂင်ကလော့ပ်ရဲ့ နည်းစနစ်မှာ ကစားကွက်တည်ဆောက်သူနဲ့ ပြိုင်ဘက် ကစားကွက်ကို ဖျက်ဆီးသူဖြစ်တဲ့ Builder တာဝန်ရယ်၊ ကိုယ်ဘက်ခြမ်းကနေ ပြိုင်ဘက် ကွင်ဘက်ခြမ်းကို ဘောလုံးထုတ်ပေးတဲ့ Distributor တာဝန်နှစ်ခုကို ပူးတွဲ ရယူထားသူဖြစ်ပါတယ်။

အဓိကအားဖြင့် ဘောလုံးဖြန့်ဝေသူ တာဝန်ကို ရယူထားတဲ့ သီယေဂိုဟာ ညာခြမ်းမှာ အလားတူ တာဝန်ယူထားတဲ့ ဟန်ဒါဆန်နဲ့ ပူးတွဲကစားထားပါတယ်။ ဒါပေမယ့်လို့ ဟန်ဒါဆန်က တိုက်စစ်လိုက်ပါတဲ့ ထရန့်နဲ့ ဧရိယာတွင်းဝင်တဲ့ ဆာလာတို့ရဲ့ နေရာလွတ်တွေကို ဖြည့်ကစားပေးရပါတယ်။

ဖူလ်ဟမ်ပွဲမှာ သီယေဂို ဒဏ်ရာရသွားခဲ့ချိန်မှာ ကွင်းလယ် ဘယ်ခြမ်းနေရာကို ဟန်ဒါဆန်က တာဝန်ယူခဲ့ပြီး ညာခြမ်းနေရာကို ဟာဗေးက အစားဝင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ လက်ထောက်နည်းပြ ပပ်လင်ဒါးက အနာဂတ်မှာ ထရန့်၊ ဟာဗေး၊ ဆာလာအတွဲကို မြင်ထားတယ်လို့ ပြောခဲ့ဖူးတာမို့ ဒီ ၃ ယောက်အတွဲဟာ လေ့ကျင့်ရေးမှာ တွဲဘက်ဖူးနေကျဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

ပဲလေစ့်ပွဲအတွက် ကွင်းလယ် ၃ ယောက်တန်းကို ကလော့ပ် ရွေးချယ်တဲ့အခါ ဖာဘင်ညိုနဲ့ ဟန်ဒါဆန်အတွဲကို ဆက်သုံးမယ်ဆိုရင် လက်ကျန် တစ်နေရာအတွက် ရွေးချယ်စရာက ကာဗာရို၊ ဟာဗေးနဲ့ ကိတ်တာ ၃ ဦးပဲ ရှိထားမှာဖြစ်ပါတယ်။

Harvey Elliott

ကွင်းလယ် သုံးယောက်တန်းမှာ ဟာဗေး ဝင်ကစားနိုင်တဲ့ တစ်ခုတည်းသော နေရာက ညာခြမ်း ကွင်းလယ်လူဖြစ်ပါတယ်။ ဆာလာနဲ့ ဆက်ဆံရေးကောင်းရှိထားပြီး မနှစ်က ဒဏ်ရာ မရခင်မှာ သီယေဂိုနဲ့ ကိတ်တာကိုကျော်လို့ ညာခြမ်းကွင်းလယ်နေရာကနေ ဟာဗေးက ၃ ပွဲဆက်တိုက် ပွဲထွက်ခွင့်ရခဲ့ပါတယ်။

အကယ်လို့ ဟာဗေးကို ထုတ်သုံးမယ်ဆိုရင် ဟန်ဒါဆန်ကို ဘယ်ခြမ်းပြောင်းမှာဖြစ်ပြီး ထရန့်ကို တိုက်စစ်လိုက်မှု လျော့ချမယ်လို့ ယူဆရတယ်။ ဥပမာအားဖြင့် ရာသီကြိုတုန်းက တိုက်စစ်လိုက်သွားတဲ့ ထရန့်အစား ကိတ်တာက ညာအစွန်လူနေရာ ဝင်ကစားသလို ဟာဗေးကို ကစားခိုင်းမှာ မဟုတ်ပါဘူး။

ထရန့်က အလွန်ဆုံး နံပါတ် ၈ နေရာလောက်ပဲ ရှေ့တက်ကာ ညာခြမ်းမှာ ဆာလာနဲ့ ဟာဗေးတို့ ပိုမို တွဲဘက်ကစားစေမယ် ယူဆရပါတယ်။ ဖူလ်ဟမ်နဲ့ပွဲမှာ သူတို့ ၃ ယောက် တွဲကစားခဲ့တာက မဆိုးလှပါဘူး။

Fabio Carvalho

ကာဗာရိုရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု ကောင်းမွန်လာခဲ့ရင် သူ့ကို တိုက်စစ်မှူးနေရာ ကစားစေဖို့ထိ နည်းပြအဖွဲ့က မြင်ထားတာပါ။ လီဗာပူးမှာ ကာဗာရိုက တိုက်စစ်သမား တစ်ဦးအဖြစ် ကစားရမှာဖြစ်ပါတယ်။ ဒါပေမယ့်လို့ လက်တလော အခြေအနေမှာ သူ့ကို ဘယ်ခြမ်း ကွင်းလယ်လူအဖြစ် သုံးမယ်ဆိုရင် မဖြစ်နိုင်တာ မဟုတ်ပါဘူး။

ကာဗာရိုဟာ အရည်အချင်း အစစ်အမှန်က ခံစစ်ကို ကူညီနိုင်စွမ်း၊ ကစားကွက် တည်ဆောက်နိုင်စွမ်းတွေ မဟုတ်ဘဲ တိုက်စစ်ပိုင်း လှုပ်ရှားနိုင်စွမ်း ဖြစ်ပါတယ်။ သူက သီယေဂိုထက် တစ်လိုင်း ပိုမြင့်တဲ့ ကွင်းလယ်နေရာက ကစားပြီး တိုက်စစ်ပိုင်း လက်ခံသူ ဖြစ်ပါတယ်။ သူဟာ ဧရိယာတဝိုက်မှာ ချိတ်ဆက် လုပ်ဆောင်မှုကို ပိုမို ပိုင်နိုင်ပါတယ်။

ရာသီကြိုမှာ ဟာဗေးနဲ့ ကာဗာရိုတို့က ပွဲကစားချိန် အတူတူလောက် ရထားပါတယ်။ သီယေဂိုနေရာ တိုက်ရိုက် အစားဝင်ကစားဖို့က မဖြစ်နိုင်ဘူးလို့ ပြောရခက်ပါတယ်။ ဟန်ဒါဆန်ကို နံပါတ် ၆ နေရာထားပြီး သူ့ရှေ့က ကာဗာရို၊ ဟာဗေးတို့အတွဲကို ထားတာထက်စာရင် ဖာဘင်ညို၊ ဟန်ဒါဆန်၊ ကာဗာရို တွဲလုံးကလည်း ဖြစ်နိုင်ချေ ရှိပါတယ်။

Naby Keita

ကိတ်တာက ဒဏ်ရာရနေတာ မဟုတ်ဘဲ အဖျားကြောင့် ဖူလ်ဟမ်ပွဲကို လွဲခဲ့တာဖြစ်ပါတယ်။ သီယေဂိုနေရာ တိုက်ရိုက် အစားထိုးဖို့ ကိတ်တာကို ရွေးချယ်တာကလည်း သင့်လျော်တဲ့ ကိစ္စပါပဲ။ ဒါဆိုရင်တော့ ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့က သူတို့ရဲ့ မူရင်းနေရာတွေကနေ ပွဲထွက်လာနိုင်ပါတယ်။

သို့ပေမယ့် ကိတ်တာ နောက်ဆုံး ပွဲကစားခဲ့တာက ဆဲလ်ဘတ်နဲ့ပွဲမှာဖြစ်ကာ ၄၅ မိနစ် ကစားခဲ့ပါတယ်။ အဲ့ကစရင် သူမကစားရတာ ၃ ပတ်ကြာပါပြီ။ ပွဲဆက်သိပ်ပျက်နေတဲ့ သူ့ကို ကလော့ပ် တန်းပြီး နေရာပေးဖို့က မဖြစ်နိုင်ဘူးလို့ ယူဆရပါတယ်။