၂၀၁၃-၂၀၁၄ ဘောလုံးရာသီမှာ လီဗာပူးအသင်းဟာ အန်ဖီးကွင်းမှာ ချယ်ဆီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဖလား ရေပန်းစားမှုကနေ လမ်းလွဲသွားခဲ့သလို အဲ့တုန်းက လီဗာပူးမန်နေဂျာဖြစ်တဲ့ ဘရန်ဒန် ရော်ဂျာက အဆိုပါ ရှုံးပွဲ ဖြစ်ရပ်နောက်ကွယ်မှာ စိတ်ထိခိုက်ရတဲ့ အကြောင်းတွေကို ပြန်ပြောပြခဲ့ပါတယ်။

ဒုတိယရာသီဝက်မှာ လီဗာပူးအသင်းက ၁၁ ပွဲဆက် အနိုင်ရခဲ့ပြီးနောက် ဧပြီလ နှောင်းပိုင်းမှာ မော်ရင်ညိုနဲ့ ချယ်ဆီးနဲ့ တွေ့ရမယ့်ပွဲ မတိုင်ခင် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ အလားအလာ အကောင်းဆုံးနေရာမှာ ရှိခဲ့ပါတယ်။ ဒါပေမယ့်လို့ ချယ်ဆီးကို ၂-၀ နဲ့ အရေးနိမ့်ခဲ့တာကြောင့် ဆုဖလားက လီဗာပူးလက်ထဲမှာ မရှိတော့ပါဘူး။

လီဗာပူးရဲ့ ဖလားစိန်ခေါ်မှုဟာ နောက်တစ်ပတ် ပဲလေစ့်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရာမှာ လုံးဝ ပြိုကွဲသွားခဲ့ပြီး ဆဲဟက်ပက်ခ်မှာ ၃ ဂိုး အသာရထားရာကနေ သရေဖြစ်သွားခဲ့သလို အဆုံးသတ်မှာ မန်စီးတီးက ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။ ၈နှစ်အကြာမှာ အခု လက်စတာနည်းပြဖြစ်တဲ့ ရော်ဂျာက ဘယ်နေရာမှာ မှားသွားခဲ့လဲဆိုတာကို ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။

“ အဲ့ဒီချယ်ဆီးပွဲမှာ အတော်လေး စိတ်ထိခိုက်စရာတွေ များခဲ့ပါတယ်။ ကျွန်တော် ပြောင်းလဲချင်တဲ့ အရာတစ်ခုဆိုရင် အဲ့ဒီပွဲပဲ ဖြစ်လိမ့်မယ်။ အဲ့ဒီပွဲမှာ စိတ်ခံစားချက်တွေကို နည်းနည်းလောက် အပြောင်းအလဲဖြစ်သွားအောင် လုပ်မိမယ် ထင်ပါတယ်။

ဒါပေမယ့် တကယ်တမ်းတော့ ပွဲအိုင်ဒီယာနဲ့ ပတ်သက်လို့ ဘာကိုမှ အပြောင်းအလဲဖြစ်အောင် လုပ်လို့မရဘူး။ ပက်ဂွာဒီယိုလာကို အဲ့ဒီပွဲအတွက် လုံးဝ မတူညီတဲ့ တစ်ခုခု လုပ်နိုင်မလား သွားမေးရင်တောင် ရမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တိုက်ပွဲဝင်ခဲ့ပြီး မိနစ် ၇၀ လောက် ကောင်းကောင်းကစားခဲ့တာပါ။

ပထမပိုင်းမှာ ကျွန်တော်တို့ အရှိန်မြှင့်ခဲ့သင့်တယ်။ ဟိုဆေးက အသင်းသားတွေကို လုံးဝ ပိတ်ဆို့ထားခဲ့တာပါ။ သူတို့ရဲ့ ခံစစ်က ကျပ်တည်းပိတ်ဆို့လွန်းတော့ ကျွန်တော်တို့ ဘယ်လိုမှ ဖြိုခွဲလို့ မရနိုင်ခဲ့ဘူး။

အဲ့ဒီ့နောက် ကံမကောင်းစွာဘဲ စတိဗ် ခြေချော်ပြီး သူတို့ ဂိုးရသွားတယ်။ အဲ့ဒါက ပိုပြီးတော့တောင် ခက်ခဲသွားစေပါတယ်။ ကျွန်တော်တို့ ပွဲကို လိုက်ဆယ်ဖို့ ကြိုးစားပေမယ့် ကျွန်တော်နဲ့ အသင်းက အတွေ့အကြုံ နည်းနည်းလိုသွားတာ ဖြစ်မယ်။

အဲ့နောက်မှာတော့ စိတ်ထိခိုက်စရာ ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့ သရေကျအောင် လုပ်နိုင်ခဲ့ရင် ဖလားယူနိုင်ခဲ့မှာပါ ” လို့ ရော်ဂျာက ဆိုပါတယ်။

နှစ်တွေကြာလာချိန်မှာ သရေကျရင်တောင် အခြေအနေကောင်းမယ့်ပွဲမှာ ရော်ဂျာက အရမ်း တိုက်စစ်ကို ဦးစားပေးခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်လာခဲ့ပါတယ်။ ရော်ဂျာဟာ သူ့လီဗာပူးအသင်း လိုက်နာခဲ့တဲ့ အတွေးအခေါ်ကို ဂုဏ်ယူကြောင်းနဲ့ အဲ့ဒီ့ရာသီကုန်မှာ ပွဲချဉ်းကပ်မှုတိုင်းကို နောင်တမရခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

အဲ့နှစ် ဘောလုံးရာသီမှာ လီဗာပူးဟာ ဥရောပပြိုင်ပွဲ ကစားခွင့်တောင် မရတဲ့ အောက်အသင်းအဖြစ်ကနေ ချန်ပီယံပြေးလမ်းထဲ ဝင်ချလာမှုနဲ့ ရေပန်းစားအသင်းအဖြစ်ကနေ လွင့်စင်သွားမှုတွေက ပရိသတ်တွေကို ခံစားချက် အတက်အကျတွေနဲ့ ကပြောင်းကပြန် အခြေအနေ ဖြစ်ခဲ့ပါတယ်။

“ ကျွန်တော်တို့ ကစားခဲ့တဲ့ပုံစံတွေအတိုင်းပဲ ကစားဖို့ ကြိုးစားခဲ့တယ်ဆိုတာကို လက်ခံပြီးတော့ပဲ သေချင်ပါတယ်။ ခံစစ်ပိတ်ဆာ့ဖို့လား။ အဲ့လိုစိတ်ကူး မရှိပါဘူး။ ကျွန်တော့်ရဲ့ စိတ်ကူးက တိုက်စစ်ဆင်ဖို့ပဲ ဖြစ်ခဲ့တာပါ။

တိုက်စစ်ဆိုတာက ကောင်းကောင်း ခုခံခြင်းပါပဲ။ အဲ့ဒါက အသင်းရဲ့ ကိုယ်ပိုင်အမှတ်အသားတစ်ခုပေါ့။ ကျွန်တော်တို့ အောင်မြင်လုနီးပါး ဖြစ်ခဲ့တာပါ”လို့ ရော်ဂျာက ပြန်ပြောခဲ့တာ ဖြစ်ပါတယ်။