ဒီရာသီမှာ ဒါဝင် နူးညက်စ် သွင်းဂိုး ဘယ်လောက်ရမလဲ ဆိုတာရယ် ကွင်းလယ် ဒဏ်ရာ ပြဿနာတွေရယ်ကို လူတိုင်း စကားပြောနေချိန်မှာပဲ နောက်ထပ် မေးခွန်းတစ်ခုက ထွက်လာခဲ့ပါပြီ။

ဇန်နဝါရီမှာ အသင်းကို ရောက်လာခဲ့တဲ့ ဒီယက်စ်ရဲ့ သွင်းဂိုး ယူနိုင်စွမ်းက နည်းပါးတယ်ဆိုတဲ့ ထောက်ပြမှုတွေ ထွက်လာတာပါ။ အသင်းရဲ့ ကစားဟန် စည်းမျဉ်းတွေကို လေ့လာသင်ယူနေရတာက ဒီယက်စ်ရဲ့ ကစားဟန်အတွက် အကန့်အသတ် ရှိနေစေသလားဆိုတာက လူတိုင်း သိလိုတဲ့ မေးခွန်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

အဲ့မေးခွန်းအတွက် ကလော့ပ်ကပဲ ” မတူဘူးပေါ့ဗျာ။ သူ တိုးတက်လာတာ သေချာပါတယ်။ ကျနော်တို့ ဘာလုပ်နေတယ်၊ ဘာကို လုပ်ရမယ်ဆိုတာကို သူနားလည်လာပါတယ်။ ဒါပေမယ့် နည်းနည်း ခြားနားတဲ့ အခြေအနေတွေလည်း ရှိတယ်။

ကျနော်တို့က တောင်ပံမှာ လိုက်လျောညီထွေ ရှိစေချင်တာပေါ့။ ဆိုလိုတာက သူ့ကို အတွင်းထဲ နည်းနည်း ဝင်ကစားစေချင်တာပါ။ ဒါပေမယ့် အပြင်မှာ သူနည်းနည်းကြာကြာ ပိုနေရရင် သူ့အတွက် ပိုအဆင်ပြေတယ်ဆိုတာ ကျနော်တို့ သိခဲ့တယ်။ ဒါတွေကို အသားကျနေအောင် လုပ်နေတာပေါ့။ ဒီလို အပြန်အလှန် လေ့လာနေတာက အကူအညီဖြစ်ပါတယ်။

ကျနော်တို့ သင်ယူရပါတယ်။ တစ်ညတည်းသော ကိစ္စတွေက ပြီးမသွားပါဘူး။ ရာသီကြိုမှာလည်း ဒါတွေကို သင်ယူရတယ်။ ကစားသမားတွေ ရောက်လာတယ်၊ ရာသီကြို ပြင်ဆင်မှုတွေ လုပ်ရတယ်။ အဲ့ကနေ ဒီယက်စ်က အကျိုးအမြတ် ရပါလိမ့်မယ်။ လေ့ကျင့်ရေးတိုင်းမှာ ပါဝင်ခဲ့ပြီး အဲ့တာကပဲ အရေးကြီးတာပါ။ ကျန်တာက လာပါလိမ့်မယ်။

ပြဿနာက နှစ်ပွဲလောက်ပဲ ရှိသေးတယ်။ ဒီမှာထိုင်းပြီး ဂိုးမသွင်းသေးတဲ့ အကြောင်းကို ပြောနေရတာပါပဲ။ ဒါပေမယ့် ဒါက ကာလရှည် ပြဿနာတော့ မဟုတ်ပါဘူး။ ဒီအခြေအနေတွေအတွက် ကျနော်တို့ ပြင်ဆင်နေပြီး ကျော်ဖြတ်သွားမှာပါ ” လို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီမှာ ဒီယက်စ်က ဂိုးတွေ ခပ်များများ သွင်းလာဦးမယ်လို့ ကလော့ပ်က ယုံကြည်ပါတယ်။ သူ့လို ကစားသမားက သွင်းဂိုး ၁၀-၁၅ ဂိုး ရလိမ့်မယ်လို့ ကလော့ပ်က ခန့်မှန်းပါတယ်။

” အဲ့လောက်ရမှာ သေချာပါတယ်။ ဒါက ဒီယက်စ်ရဲ့ အရည်အချင်းပါပဲ။ ကျနော်တို့ ကြည့်ရမှာပေါ့။ သူ့မှာ အဲ့လို လုပ်နိုင်မယ့် အလားအလာတွေ ရှိနေပါတယ် ” လို့ ကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။