ညက ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ တိုက်ရိုက်အနီကတ် ထိပြီး ထုတ်ပယ်ခံရတဲ့ တိုက်စစ်မှုး ဒါဝင်နူးညက်ဇ်ကို သေချာ စကားပြောဆိုဦးမယ် လို့ နည်းပြ ယာဂင်ကလော့ပ်က ပွဲ အပြီးမှာ ဆိုပါတယ်။

ဥရုဂွေးသားဟာ သူ့ကို ဆွကစားခဲ့တဲ့ အန်ဒါဆန်ကို ဒေါသမထိန်းနိုင်ဘဲ ခေါင်းနဲ့တိုက် တုန့်ပြန်ခဲ့တာကြောင့် တိုက်ရိုက် အနီကတ် ပြသ ထုတ်ပယ်ခံခဲ့ရပါတယ်။ ထုတ်ခံရသည့်တိုင် နူးညက်ဇ် တစ်ယောက် မကျေလည်နိုင်သေးဘဲ ဒိုင်လူကြီးကို ပြန်ငြင်းဖို့ ကြိုးစားခဲ့သေးတာကြောင့် ကလော့ပ်တို့က ကွင်းထဲကနေ ထွက်လာဖို့ အော်ဟစ် ခေါ်ထုတ် ခဲ့ရသေးတာပါ။

နူးညက်ဇ်ဟာ ယာဂင်ကလော့ပ်လက်ထက် လီဗာပူးအသင်းမှာ ပြိုင်ဘက်ကို အကြမ်းနည်းနဲ့ တုန့်ပြန်လို့ တိုက်ရိုက် အနီကတ် ထိတဲ့ ပထမဆုံး ကစားသမား ဖြစ်လာပါတယ်။ ဒီအနီကတ်ကြောင့် ၃ပွဲ ပယ်ခံရမှာ ဖြစ်ပြီး နောက်အပတ် အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်ကို ရင်ဆိုင်ရမယ့် ပွဲလည်း ပါဝင်ပါမယ်။

ပွဲအပြီး အင်တာဗျူးမှာ ကလော့ပ်က နူးညက်ဇ် က အနီကတ် ရကို ရသင့်တာ ဖြစ်ကြောင်း ဝန်ခံ ခဲ့ပြီး အသက် ၂၃ နှစ် အရွယ် ကစားသမားကို ဆွေးနွေးပြောဆိုရဦးမယ် လို့ မှတ်ချက်ပြုခဲ့ပါတယ်။

” ကျနေ်ာ သူနဲ့ ပြောဆိုကြည့်ရဦးမှာပေါ့။ အခြေအနေကိုလည်း သေချာ ပြန်ကြည့်ရဦးမယ်။ ဘာဖြစ်သွားသလဲ ကျနော် သေချာ မမြင်ခဲ့ရဘူး။ အန်ဒါဆန် မြက်ခင်းပြင်ပေါ် လဲနေခဲ့တာရယ်၊ ဒါဝင် အဝေးကို လျှောက်သွားတာရယ်ပဲ မြင်ခဲ့ရတယ်။ ဒီတော့ ကျနော့် ကောင်လေးတွေကို မေးရဦးမယ်။

ဒါပေမယ့် ဒါက အနီကတ်ပါ။ တုန့်ပြန်ပုံ မှားခဲ့တယ်လေ။ အန်ဒါဆန်က ဒါကို လိုချင်ခဲ့တာ ဖြစ်ပြီး သူလိုချင်တာ ရသွားတယ်။ ဒါဝင်ကတော့ အမှား လုပ်မိခဲ့တာပေါ့။ နည်းနည်း အတို့အထိလေးတွေ ရှိခဲ့တာ မှန်ပေမယ့် တုန့်ပြန်ပုံက မှားခဲ့တယ်။ ဒါကို ကျနေ်ာတို့ ငြင်းဆန်လို့ မရဘူး။

ဒါကနေ သူ သင်ခန်းစာရမှာပါ။ ပွဲ နည်းနည်းလောက်တော့ သူ သင်ယူနေရဦးမယ်။ ကျနေ်ာတို့ အတွက်တော့ သိပ် မမိုက်ဘူးပေါ့။ ဒါပေမယ့် ဖြစ်သွားခဲ့ပြီလေ။ ” လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

” ပွဲပယ်က ဘယ်လောက် ထိမလဲ မသိဘူး။ ဒါပေမယ့် ဒီအချန်ကို သူ့ ကြံ့ခိုင်မှုပိုင်း တည်ဆောက်ဖို့ပဲ အသုံးချသွားမှာပါ။ အပြစ်ပေးတာ မဟုတ်ဘူး၊ သူ့ကို ပိုပြီး တောင့်တင်း သန်မာလာစေအောင် လေ့ကျင့်သွားမှာပါ။ ” လို့လည်း နူးညက်ဇ်ကို လေ့ကျင့်ပေးဦးမယ့် အကြောင်း ကလော့ပ်က ဆိုခဲ့ပါတယ်။