အန်ဖီးကွင်းမှာ ၁-၁ သရေကျတဲ့ ပဲလေစ့်နဲ့ပွဲအပြီး အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ အပြောင်းအလဲကြီးတွေ ဘာကြောင့်ဖြစ်ခဲ့လဲဆိုတာကို ကလော့ပ်က ရှင်းပြပါတယ်။

ပွဲထွက်စာရင်းမှာ ဂိုးမက်စ်အစား နက်ဖီးလစ်ကို နေရာပေးတာ၊ ဟန်ဒါဆန်အစား မီလ်နာကို ထည့်သွင်းတာနဲ့ ဖာမင်နို အရန်စာရင်းမှာ မပါဝင်နိုင်တာ အားလုံးက ဒဏ်ရာ ပြဿနာတွေကြောင့်ပဲဖြစ်ကြောင်း နည်းပြက ပြောပြလာခဲ့ပါတယ်။

လက်ရှိ အနေအထားဟာ အတော်လေး စိုးရိမ်စရာ ကောင်းနေခဲ့ပြီး တိုက်စစ်၊ ကွင်းလယ်၊ ခံစစ် နေရာစုံမှာ လူစာရင်း ရှားပါမှုကို လီဗာပူးအသင်း ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

ကလေ့ာပ်က ” မာတစ်က နှစ်ပတ် နားရပါမယ်။ ကျနော်တို့ စစ်ဆေးကြည့်ခဲ့ပြီးပါပြီ။ ဒီအပတ်ကတော့ တကယ်ကို ရူးလောက်စရာပါပဲ။ ဒဏ်ရာ သီတင်းပတ်တွေနဲ့ ပတ်သက်လို့ ကျနော်မှာ အတွေ့အကြုံတွေ ရှိထားပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ အသင်းက စုန်းတိုက်ခံထားရသလား မှတ်ရပါတယ်။

ရိုးရိုးသားသား ပြောရရင် နေ့တိုင်းမှာ ကစားသမား တစ်ဦးဦးလောက်က ရူးလောက်တဲ့ အကြောင်းရင်းတွေနဲ့ လေ့ကျင့်ရေးကနေ ဖယ်ထုတ်ခံနေရတယ်။

အဆုံးမှာတော့ ဂိုးမက်စ်က ပွဲထွက် လူစာရင်းကနေတောင် မပါနိုင်တော့ပါဘူး။ ပွဲထွက် လူစာရင်းကနေ ဂိုးမက်စ် မကစားနိုင်တာက မနေ့ကမှ သူလေ့ကျင့်ရေး ပြန်ဝင်နိုင်တာကြောင့်ပါ။ သီတင်းပတ် စကတည်းက သူ့မှာ ဒဏ်ရာ ပြဿနာ အနည်းငယ် ရှိနေခဲ့တယ်။

ဘော်ဘီက ပွဲနေ့လူစာရင်းမှာတောင် မပါနိုင်တော့ဘူး။ ဒီမနက်မှာပဲ ဟန်ဒိုကို ပွဲချိန် အများကြီး သုံးမယ်ဆိုရင် စိုးရိမ်ရနိုင်တယ်လို့ ဆေးအဖွဲ့က သတင်းပေးပါတယ်။ ဒီတော့ သူ့ကိုလည်း ပွဲချိန်ကြာကြာ သုံးလို့ မရတော့ပြန်ပါဘူး။

ဒါက ကျနော်တို့ ရင်ဆိုင်နေရတဲ့ အခြေအနေပါပဲ။ အခြေအနေက မကောင်းပါဘူး။ ဒါပေမယ့် ဒီပွဲမှာ ကျနော်တို့ ကစားခဲ့တဲ့ ပုံစံကို သဘောကျပါတယ်။ ဒီပွဲကို တကယ်သဘောကျတာပါ။

ကျနော်တို့ တိုက်ခိုက်လိုခဲ့တယ်။ ကောင်းတာတွေ အများကြီးကို ကစားခဲ့တာ မြင်ခဲ့ရတယ်။ စွမ်းဆောင်ရည်ကောင်း ပြသခဲ့တာတွေအတွက် သဘောကျပါတယ်။ သရေကျခဲ့တယ်၊ ကျနော်တို့ ဆက်သွားရပါမယ် ” လို့ ဆိုခဲ့ပါတယ်။

စီနီယာအသင်းမှာ ဒဏ်ရာ ပြဿနာတွေ များနေသလို နူးညက်စ် ပွဲပယ် ပြစ်ဒဏ်ကြောင့် ၃ ပွဲ ကစားနိုင်မှာ မဟုတ်ပါဘူး။ လီဗာပူးအသင်းဟာ လာမယ့် ပွဲစဉ်အဖြစ် အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်သွားရဖို့ ရှိနေတာဖြစ်ပါတယ်။