လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် တတိအပတ် ပွဲစဉ်အဖြစ် ယူနိုက်တက်ကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရာမှာ ပွဲထွက်လူစာရင်း အခက်အခဲကို ရင်ဆိုင်နေရပါတယ်။

တံကောက်ကြော ဒဏ်ရာကြောင့် ဂျိုတာ မကစားနိုင်သလို ဖာမင်နိုကလည်း ပဲလေစ့်ပွဲမှာ ပါဝင်နိုင်ရေး ကြံ့ခိုင်မှု မပြည့်ခဲ့ပါဘူး။ တိုက်စစ်မှူး နူးညက်စ်ကတော့ အနီကဒ်ကြောင့် ၃ ပွဲပယ် ပြစ်ဒဏ်ကို ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ ဒါကြောင့်ပဲ လာမယ့် ပွဲစဉ်တွေမှာ တိုက်စစ်မှူးနေရာက ဘယ်သူ ကစားမလဲဆိုတာ မေးခွန်းတစ်ခုဖြစ်လာပါတယ်။

ဒီကာလတွေအတွင်း ဖာမင်နို ပြန်ပြီး သက်သာလာမယ်ဆိုရင် သူပွဲထွက်ရမှာ သေချာပါတယ်။ အကယ်လို့ ဘော်ဘီရဲ့ ကြံ့ခိုင်မှုက အချိန်မမှီတော့ရင်တော့ ကလော့ပ်က တိုက်စစ်မှူး သီးသန့်မထားတော့ဘဲ ခြားနားတဲ့ တွဲဘက်တွေကို ရှာဖွေသွားရမှာပါ။

ဖြစ်နိုင်ဖွယ်ရှိတဲ့ ရွေးချယ်မှုကတော့ ကလော့ပ်ဟာ ၄-၃-၃ အစား ဒီယက်စ်နဲ့ ဆာလာ နှစ်ဦးပဲ တိုက်စစ်တင်ထားတဲ့ ၄-၄-၂ ကစားကွက်ကို ပြောင်းကစားဖွယ် ရှိပါတယ်။

ပဲလေစ့်နဲ့ပွဲမှာ နူးညက်စ် ထွက်သွားရချိန် လီဗာပူး တိုက်စစ်မှာ ဒီယက်စ်နဲ့ ဆာလာ နှစ်ဦးကို တွဲပေးပြီး ဘယ်ခြမ်းနဲ့ ညာခြမ်းက ကွင်းလယ်လူတွေကို တိုက်စစ်လိုက်ပါစေတာမျိုး ရွေးချယ်ခဲ့ပါတယ်။ ဘယ်ခြမ်းက ကာဗာရိုနဲ့ ညာအစွန်က ထရန့်တို့ဟာ တိုက်စစ်ကို အတော်လေး ကူညီဖြည့်ကစားပေးခဲ့ကြတယ်။

ယူနိုက်တက်ပွဲမှာတော့ ကွင်းလယ် လေးယောက်တန်းအဖြစ် ဖာဘင်ညို၊ ဟန်ဒါဆန် ကွင်းလယ် နှစ်ဦးကို တိုက်စစ်အားသန်တွေဖြစ်တဲ့ ကာဗာရို၊ ဟာဗေးလို လူငယ်တွေ ရံပြီး ပွဲထုတ်ဖို့ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ကလော့ပ်ဟာ အရမ်း စွန့်စားရတဲ့ လူစာရင်းမျိုးကို ယူနိုက်တက်လို အသင်းနဲ့ တွေ့ဆုံရာမှာ ထုတ်သုံးမလားက မေးခွန်းတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ အကျင့်အတိုင်းဆိုရင် ဖာဘင်ညို၊ ဟန်ဒါဆန်၊ ကိတ်တာ ဒါမှမဟုတ် မီလ်နာ ကွင်းလယ် သုံးယောက်တန်းကို ဟာဗေး ဒါမှမဟုတ် ကာဗာရို နှစ်ဦးတည်းက တစ်ဦးနဲ့ တွဲပေးဖို့ များပါတယ်။

ဒီရာသီမှာ ဟာဗေးနဲ့ ကာဗာရိုကို ပွဲချိန် တူတူ ပေးကစားပေမယ့် ဟာဗေး ကစားခွင့်ရတာ ပိုများပါတယ်။ ယူနိုက်တက်နဲ့ပွဲမှာ ဟာဗေးဟာ စီနီယာကွင်းလယ်လူတွေနဲ့ ပါဝင်ခွင့်ရပါလိမ့်မယ်။

ပဲလေစ့်ပွဲအတွင်း ထူးခြားမှုတစ်ခုက ညာအစွန်လူ ထရန့်ဟာ False 9 နေရာထိ တက်ကစားခဲ့ပါတယ်။ ယူနိုက်တက်နဲ့ပွဲမှာ မြန်ဆန်တဲ့ တောင်ပံသမားတွေကို ထိန်းချုပ်ရမှာမို့ ထရန့်ဟာ အဲ့လောက်ထိ တိုက်စစ်လိုက်ခွင့်ရမှာ မဟုတ်ပါဘူး။

ယူနိုက်တက်ပွဲအတွက် ခန့်မှန်း ပွဲထွက်လူစာရင်း

  • ဂိုး – အယ်လီဆန်။
  • ခံစစ် – ထရန့်၊ ဂိုးမက်စ်၊ ဗန်ဒိုက်၊ ရိုဘို။
  • ကွင်းလယ် – ဖာဘင်ညို၊ မီလ်နာ၊ ဟန်ဒါဆန်၊ ဟာဗေး။
  • တိုက်စစ် – ဒီယက်စ်၊ ဆာလာ။

ဒီရက်တွေအတွင်း လီဗာပူးလူစာရင်း အခြေအနေကို စောင့်ကြည့်ရမှာဖြစ်ပြီး ဒဏ်ရာရ လူစာရင်းထဲကနေ ဘယ်သူတွေ ထွက်လာမလဲ သတင်းစွင့်ထားဖို့ပဲ ရှိပါတယ်။