ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်အဆင့်က မပြီးသေးဘူးလို့ အန်ဆလော့တီက လီဗာပူးနဲ့ ဒုတိယအကျော့ မတိုင်ခင် ရီးရဲလ်မက်ဒရစ် ကစားသမားတွေကို သတိပေးခဲ့ပြီး မနှစ်က ချယ်ဆီးနဲ့ပွဲကို ဥပမာပေးခဲ့ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့လက အန်ဖီးမှာ ၅-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဒုတိယအကျော့မှာ ပြန်လာနိုင်ဖို့ သိပ်ကို ခဲယဉ်းနေတာပါ။ နူးညက်စ်နဲ့ ဆာလာတို့ရဲ့ အစောပိုင်းဂိုးတွေက လီဗာပူးတို့ ထိန်းချုပ်ထားနိုင်ပြီလို့ ထင်ခဲ့ရပေမယ့် ဗီနီနဲ့ ဘန်ဇီးမားတို့ သွင်းဂိုး ၂ဂိုးစီအပြင် မီလီတာအိုကပါ ဂိုးရခဲ့တာဖြစ်ပါတယ်။

မက်ဒရစ်ဟာ ကွာတားဖိုင်နယ်ကို တက်လှမ်းဖို့ ရေပန်းစားနေပေမယ့် ဘာနေဗျူးမှာ နောက်ထပ် မိနစ် ၉၀ ကစားဖို့ ကျန်နေသေးတာပါ။ မနှစ်ကတုန်းက ချယ်ဆီးကို ပထမအကျော့ ၃-၁ နဲ့ အနိုင်ရခဲ့ပြီး အိမ်ကွင်းကျမှ ၅-၄ နဲ့ ပွတ်ကာသီကာ ကျော်ဖြတ်နိုင်ခဲ့တဲ့ အခြေအနေကို အန်ဆလော့တီက မီးမောင်းထိုးပြခဲ့တာ ဖြစ်ပါတယ်။

“ မနှစ်က ချယ်ဆီးနဲ့ပွဲမှာ ကျွန်တော်တို့ သင်ခန်းစာရခဲ့တယ်။ ကျွန်တော်တို့ ၃ဂိုး အသာရထားတော့ ရေပန်းစားနေခဲ့ပေမယ့် နောက်ထပ် မိနစ် ၉၀ ကျန်နေသေးတယ်လေ။ ဒါကြောင့် ပထမအကျော့တုန်းကလို တူညီတဲ့ စိတ်ဓာတ်မျိုးနဲ့ ကစားဖို့လိုတယ်။

ကျွန်တော်တို့က ပထမအကျော့ ရလဒ်ကြောင့် အသာရထားပေမယ့် အဲ့ရလဒ်ကို ပျော်နေလို့ မရပါဘူး။ နောက်ထပ်မိနစ် ၉၀ ကိုလည်း အမြင့်ဆုံးခြေစွမ်းနဲ့ ကစားဖို့ လိုပါတယ် ” လို့ အန်ဆလော့တီက ဆိုခဲ့ပါတယ်။

လီဗာပူးဟာ စနေနေ့က ဘုန်းမောက်ကို ရှုံးနိမ့်ထားခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကတော့ အက်စ်ပန်ညိုကို တစ်ဂိုး အကျောပေးထားရာကနေ ၃-၁ နဲ့ ပြန်လည်အနိုင်ရခဲ့တာပါ။ ဒါပေမယ့် လီဗာပူးအသင်းဟာ ဒီရာသီ အသင်းကြီးတွေကို ရင်ဆိုင်ရာမှာ ရလဒ်ကောင်းလေ့ရှိတာကို ဂရုစိုက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။