မန်ချက်စတာ ယူနိုက်တက်နဲ့ ဂိုးမရှိ သရေပွဲ အပြီးမှာ ဆောက်သမ်တန် အသင်း မန်နေဂျာ ရူဘန် ဆဲလက်စ် ကတော့ ဒိုင်လူကြီး အန်တိုနီ တေလာ ဆုံးဖြတ်ချက်တွေ အပေါ် အငြင်းမပွားခဲ့ဘဲ ဒိုင်တွေက သိပ်တော်ပါတယ်လို့ ချီးကျူးသွားခဲ့ပါတယ်။

ဒီပွဲမှာ ကာဆီမီရို အနီကတ် ကိစ္စနဲ့ ပတ်သတ်ပြီး ဒိုင်လူကြီးနဲ့ VAR အပေါ် ဝေဖန်မှုတွေ များစွာ ရှိခဲ့တာပါ။ ယူနိုက်တက် နည်းပြ တန်ဟက် ကိုယ်တိုင် ဒိုင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်လို့ မကျေနပ် စကား ဆိုခဲ့ပါတယ်။

ဆောက်သမ်တန် နည်းပြ ဆဲလက်စ်ကတော့ ဒိုင်လူကြီးတွေက သူ့အလုပ်သူ လုပ်သွားတာ ဖြစ်ကြောင်း ထောက်ခံ စကားဆိုခဲ့ပါတယ်။

” ကျနော်တို့ နိုင်ပွဲရအောင် ဦးတည်ပြီး ကြိုးစားကစားခဲ့တာပါ။ ဒါပေမယ့် ကံမကောင်းစွာပဲ နိုင်ပွဲ မရခဲ့ဘူး။ ဒါပေမယ့် တစ်မှတ် ရတာအတွက် ကျေနပ်ပါတယ်။

ဒိုင်လူကြီး အကြောင်း ကျနော် မပြောချင်ပါဘူး။ ပြီးခဲ့တဲ့ ပွဲ (ဂရင်စ်ဘီနဲ့ အက်ဖ်အေဖလား ရှုံးပွဲ) မှာတောင် ကျနော်တို့ ပင်နယ်တီ နှစ်လုံး ပေးခဲ့ရတာပဲလေ၊ အဲဒီတုန်းကတောင် ဘာမှ မပြောခဲ့ပါဘူး။ သူတို့က ဖိအားတွေ အောက်မှာ အလုပ်ကို ကောင်းစွာ လုပ်ပေးနေကြတာပါ။ ” လို့ ဆဲလက်စ်က ပြောဆိုခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ ဆောက်သမ်တန်တို့ သရေ တစ်မှတ် ရရှိသွားခဲ့ရာမှာ ဒိုင်လူကြီးရဲ့ မျက်နှာသာပေးတဲ့ ဆုံးဖြတ်ချက်တွေကြောင့်လည်း ရှိနေတာကြောင့် အခုလို ဖြေသိမ့်စကား ဆိုသွားတာက အံ့သြစရာတော့ မဟုတ်ခဲ့ပါဘူး။