မန်စီးတီး အသင်းဟာ မနေ့ညက အိမ်ကွင်း အီတီဟက်မှာ လိုက်ပ်ဇစ်ကို ၇ ဂိုးထိ သွင်းကာ အနိုင်ယူလိုက်ပြီး နှစ်ကျော့ပေါင်း ၈-၁ ရလဒ်နဲ့ အနိုင်ရကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့် တက်ရောက်သွားပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ စီးတီး တိုက်စစ်မှူး ဟာလန်းက ၅ ဂိုးထိ သွင်းယူခဲ့တာပါ။ မန်စီးတီးဟာ ကွာတား ဖိုင်နယ် အဆင့်မှာတော့ ချယ်ဆီး၊ ဘိုင်ယန်၊ အေစီ၊ ဘင်ဖီကာ၊ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်၊ နာပိုလီတို့ထဲက တစ်သင်းနဲ့ ရင်ဆိုင်တွေ့မှာပါ။

သရဲနီဟောင်းကြီး ရီယို ဖာဒီနန်က ဥရောပ အောင်မြင်မှု သိပ်လိုချင် ပြင်းပြနေပြီ ဖြစ်တဲ့ မန်စီးတီးကို ချန်ပီယံလိဂ်မှာ ဟန့်တားနိုင်မှာလည်း နှစ်သင်းသာ ကျန်တယ်လို့ သုံးသပ် ပြောဆိုခဲ့ပါတယ်။

” မန်စီးတီးကတော့ ခုနေ တွေးနေလောက်ပြီ။ ‘ ဘိုင်ယန်ကို ရှောင်၊ နာပိုလီကို ရှောင်။ ကျန်တဲ့ အသင်း တွေကတော့ တွေ့ရင် ပွဲပဲ’ ဆိုပြီးတော့။

သူတို့က ဒီလောက်ကို ကောင်းတဲ့ အသင်း ဖြစ်နေပြီ။ အခုချိန်မှာ ဒီအဆင့်နဲ့ ပတ်သက်လို့ အတွေ့အကြုံကောင်းတွေ ရနေပြီ။ စီးတီး ကစားသမားတွေဟာ ကမ္ဘာပေါ်က ဘယ်အသင်းကို မဆို နာကျင်အောင် လုပ်နိုင်ပါတယ်။ ” လို့ ဖာဒီနန်က BT Sport အစီအစဉ်မှာ ပြောဆိုခဲ့တာပါ။

ဖာဒီနန်နဲ့ အတူ ရှိနေတဲ့ မန်စီးတီး ကွင်းလယ်လူဟောင်း အိုဝင် ဟားဂရေ့ဗ် က စီးတီးရဲ့ ခြေစွမ်းကောင်းကို အားရ နေပေမယ့် မထင်မှတ်ဘဲ နာပိုလီက ဗိုလ်စွဲသွားနိုင်တယ် လို့ သတိပေးခဲ့ပါတယ်။

” ဒီလိုခြေစွမ်းမျိုးကို စီးတီးတို့ ထိန်းထားမယ်ဆိုရင် သူတို့က ဘင်ဖီကာ၊ အေစီနဲ့ အင်တာမီလန်တို့ကို ကြောက်နေဖို့ မလိုပါဘူး။ ခြိမ်းခြောက်နိုင်မှာက နာပိုလီပါ။ သူတို့ ပုံစံကောင်းနေချိန်မှာ ခြိမ်းခြောက်မှု လုပ်နိုင်တယ်။ သူတို့က စီးတီးကို ပွဲကောင်း တစ်ပွဲ ကစားရစေမှာပါ။

နာပိုလီက ဒီရာသီ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပါ။ ထိပ်တန်း ဂိုးသွင်းရှင်တွေနဲ့ အလှပဆုံး ဘောလုံးကို ကစားနေပါတယ်။ နာပိုလီက တကယ့် ခြိမ်းခြောက်မှုပါ။ သူတို့ ချန်ပီယံလိဂ် ကိုတောင် အနိုင်ရသွားနိုင်ပါတယ်။ ” လို့ ဟားဂရေ့ဗ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။