ဒီနေ့ညမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ရီးရဲလ်နဲ့ လီဗာပူးအသင်းတို့ စပိန်မြေမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး လီဗာပူးက နောက်တစ်ဆင့် တက်ဖို့ အခွင့်အရေး လုံးဝ ရှိမှာ မဟုတ်ဘူးလို့ ဝါရင့် သုံးသပ်သူကြီး ပေါမာဆန်က ဟောကိန်းထုတ်လိုက်ပါတယ်။

ပထမအကျော့ကို ၅-၂ ဖြင့် အရေးနိမ့်ထားတဲ့ လီဗာပူးအသင်းဟာ ဒီတစ်ကြိမ်မှာ အနည်းဆုံး ၃ ဂိုးပြတ်မှပဲ မျှော်လင့်ချက် ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည် မကောင်းသလို လောလော လတ်လတ်မှာ ဘုန်းမောက်ကို ၁-၀ ဖြင့် အရေးနိမ့်ထားတဲ့ လီဗာပူးကို ယုံကြည်ဖို့က ခက်ခဲပါတယ်။

ဒီည ပွဲမတိုင်ခင်မှာ ဂန်းနားဟောင်းကြီး ပေါမာဆန်က ” နည်းပြတွေရော ကစားသမားတွေရော မြင့်မားတဲ့ အဆင့်အတန်းကို ထိန်းသိမ်းထားရမှာပါ။ လီဗာပူးဟာ ယူနိုက်တက်နဲ့ပွဲမှာ သမိုင်းဝင်မယ့် ရလဒ်ကောင်းတစ်ခု ရခဲ့ပေမယ့် ဘုန်းမောက်နဲ့ပွဲမှာလည်း အလားတူ လုပ်ပြနိုင်ဖို့ လိုခဲ့တာပါ။

ဘုန်းမောက်နဲ့ပွဲကို ကြည့်ပြီးနောက် ‘ရီးရဲလ်မက်ဒရစ်နဲ့တွေ့ရင် လီဗာပူးက ဘာလုပ်နိုင်တော့မှာလဲ’ဆိုပြီး တွေးမိပါတယ်။ အနည်းဆုံး ၃ဂိုးသွင်းဖို့ လိုနေတာက ကြီးမားတဲ့ တာဝန်တစ်ရပ်ပါ။ အဲ့လိုလုပ်နိုင်ရင် ချန်ပီယံလိဂ် သမိုင်းတလျှောက် အကြီးကျယ်ဆုံး ကမ်းဘက်ဖြစ်ပါလိမ့်မယ်။

ပီအက်စ်ဂျီနဲ့တုန်းက ဘာစီလိုနာ လုပ်ခဲ့ဖူးပေမယ့် အဲ့ဒါက အိမ်ကွင်းမှာပါ။ အခု လီဗာပူးက အဝေးကွင်းမှာ လက်ရှိ ချန်ပီယံတွေနဲ့ တွေ့နေတာပါ။ ၂ဂိုးလောက်ဆိုရင် ပြောလို့မရပေမယ့် ၃ဂိုးကတော့ အခွင့်အရေး မရှိဘူးလို့ပဲ ပြောရပါမယ်။

ပရီးမီးယားလိဂ်က အကောင်းဆုံးဖြစ်နေရတဲ့အကြောင်းရင်းကို သိလောက်ကြပြီ ထင်ပါတယ်။ ဇယားအောက်က အသင်းတွေ ကလည်း ထိပ်တန်း အသင်းတွေကို အနိုင် ယူနိုင်ပါတယ်။

ဘုန်းမောက်ကတော့ မနိုင်ပါဘူးကွာဆိုပြီး ချန်ပီယံလိဂ်ပွဲအတွက် လူတိုင်းကို အနားပေးတာမျိုး လုပ်လို့မရပါဘူး။ ဒါကြောင့်ပဲ ပရီးမီးယားလိဂ်က ကမ္ဘာ့အကောင်းဆုံး ဖြစ်နေတာပါ။ ” လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။