ဘာစီလိုနာအသင်းက ရာသီသစ်အတွက် ခေါ်ယူထားတဲ့ နယ်သာလန်ကွင်းလယ်ကစားသမား ဒီဂျောင်က လူငယ်အသင်းမှာကတည်းက တွဲဖက်ကစားလာတဲ့ ဒီလစ်ကို ဘာစီလိုနာကိုပဲ ပြောင်းလာဖို့ စည်းရုံးနေပါတယ်။

နယ်သာလန်ရဲ့ လူငယ်မျိုးဆက်တွေထဲမှာ အထူးချွန်ဆုံး လူငယ်နှစ်ဦးဖြစ်တဲ့ သူတို့ဟာ အေဂျက်ကနေ ဒီနွေမှာ ထွက်ခွာကြမှာဖြစ်ပြီး ဘာစီလိုနာက ဒီလစ်ကို ခေါ်ယူလိုနေသလို လီဗာပူးကလည်း ဗန်ဒိုက်နဲ့ တွဲဘက်ကစားစေဖို့ အလိုရှိနေပါတယ်။

ဒီလစ်ကို ခေါ်ယူလိုတဲ့ အသင်းထဲမှာ မန်ယူလည်း ပါဝင်နေပြီး ဒီဂျောင်ကတော့ အနာဂတ်အတွက် ဆုံးဖြတ်မှုကို လက်ခံပေးရမှာဖြစ်ပေမယ့် ဘာစီလိုနာမှာ အတူကစားချင်တယ်လို့ ဆိုလာခဲ့တာ ဖြစ်ပါတယ်။

ဒီဂျောင်က ဒီလစ်နဲ့ ပက်သက်ပြီး ဖြေဆိုပေးရာမှာ ” ဟုတ်ပါတယ်။ သူ့ကို ဘာစီလိုနာမှာ မြင်ချင်ပြီး ကျနော်တို့နှစ်ယောက်အတူ တွဲကစားချင်ပါသေးတယ်။ ဘာတွေဖြစ်လာမလဲ ကျနော်တို့ စောင့်ကြည့်ရမှာပါ။ သူ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း မသိသေးပါဘူး။ ဒါပေမယ့် သူ့ကို ဘာစီလိုနာမှာ မြင်ချင်ပါတယ်။

အခုချိန်မှာတော့ အနာဂတ်အတွက် ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာ သူနဲ့ သူ့မိသားစုတွေဟာ တိုင်ပင်နေကြပါတယ်။ ဒါကို ကျနော်တို့အနေနဲ့ နားလည်ပေးရမှာပါ။ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပေမယ့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ် ” ဆိုကာ အဖြေပြန်ခဲ့တာပါ။