ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်ရ ကလပ်အသင်းတွေ ပေါ်ထွက်ထားပြီဖြစ်ပြီး လာမယ့်လမှာ ခြေစစ်ပွဲကနေ ပါဝင်ရမယ့် အသင်းတွေလည်း ထွက်ပေါ်လာခဲ့ပြီးပါပြီ။

ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ရောက် အေဂျက်အသင်းက ခြေစစ်ပွဲ ဝင်ရောက်ရမယ့် အသင်းများစာရင်းမှာ ပါဝင်နေပါတယ်။

အေဂျက်ဟာ ပြည်တွင်းလိဂ်မှာ ချန်ပီယံဖြစ်ပေမယ့်လို့ ချန်ပီယံလိဂ်ကို ခြေစစ်ပွဲက ဝင်ရောက်ရမှာဖြစ်ပြီး အဆိုပါ အဆင့်ကို ကျော်ဖြတ်နိုင်မှ Pot 2 အဖြစ် ဦးစားပေးခံရမှာဖြစ်ပါတယ်။

ဥရောပ ထိပ်ဆုံး လိဂ်ကြီး လေးခုမှ အသင်းလေးသင်းက တိုက်ရိုက်ဝင်ခွင့်ရပေမယ့် အေဂျက်ကတော့ အမှတ်ပေး ချန်ပီယံကတောင် တိုက်ရိုက်ဝင်ခွင့် မရပါဘူး။

အေဂျက်အသင်းရဲ့ အကြီးအကဲ ဗန်ဒါဆားက ” ဒီရာသီ ပြည်တွင်း အမှတ်ပေးဖလားနဲ့ ရှုံးထွက် ဖလား တွေ အနိုင်ရခဲ့တယ်။ ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်ကို ရောက်ခဲ့တယ်။ ဒါပေမယ့် အုပ်စုအဆင့်ကို ဝင်ရောက်ဖို့ ခြေစစ်ပွဲ နှစ်ဆင့် ကန်ရဖို့ ရှိနေပါတယ်။ ဒါက မကောင်းပါဘူး။

ဥရောပမှာ အစဉ်အလာရှိတဲ့ ပေါ်တို၊ ဘင်ဖီကာ၊ ဆဲလ်တစ်၊ ဂါလာတာဆာရေး နဲ့ အေဂျက် တို့က ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်ရဖို့ ရုန်းကန်နေရချိန်မှာ လာလီဂါနဲ့ လိဂ်တွေက အဆင့် ၄ ရတဲ့ အသင်းကျ တိုက်ရိုက်ဝင်ခွင့်ရနေတာ နားမလည်နိုင်အောင်ပဲ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဥရောပမှာ သက်ဆိုင်ရာလိဂ်ပြိုင်ပွဲတွေရဲ့ အဆင့်ရပ်တည်မှု၊ ချန်ပီယံလိဂ်ဖလား အနိုင်ရမှု၊ ယူရိုပါလိဂ် အနိုင်ရမှုတွေနဲ့အတူ အသင်းပေါင်း ၂၆ သင်းဟာ အုပ်စုတွင်းဝင်ခွင့် တိုက်ရိုက်ရမှာဖြစ်တယ်။

နောက်ထပ် အသင်း ၆ သင်းကတော့ ခြေစစ်ပွဲတွေကနေ ဝင်ခွင့်ရမှာဖြစ်ပြီး ဇွန်လကနေ စတင်ကာ ခြေစစ်ပွဲတွေ ကစားရမှာ ဖြစ်ပါတယ်။ အဆိုပါ အသင်းတွေထဲမှာတော့ အေဂျက်လည်း ပါဝင်နေခဲ့ပါတယ်။