ချယ်ဆီးအသင်းရဲ့က ကာလရှည် သက်တမ်းတိုးနိုင်ဖို့ ကြိုးစားနေတ့ အင်္ဂလန်သား လူငယ်ကြယ်ပွင့်လေး အိုဒွိုင်းက အသင်းနဲ့ စာချုပ်သစ်မှာ ပုံမှန်ပွဲကစားအတွက် အာမခံချက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ချယ်ဆီးအကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ အိုဒွိုင်းဟာ ကလပ်အသင်းရဲ့ အနာဂတ်လို့ သတ်မှတ်ခံထားရပြီး လာမယ့်ရာသီတွေမှာ စီနီယာအသင်းရဲ့ အဓိက ကစားသမား ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံရသူဖြစ်ပါတယ်။

မနှစ်ကရာသီ ချယ်ဆီး စီနီယာအသင်းအတွက် ပွဲထွက်ကစားပေးမှုတွေ ပိုရလာတဲ့ အိုဒွိုင်းဟာ ပြိုင်ပွဲစုံ ၂၉ ပွဲအထိ ကစားခွင့်ရခဲ့ပေမယ့် ပရီးမီးယားလိဂ်ပွဲ ၁၀ ပွဲပဲ ကစားခွင့်ရခဲ့ကာ ပွဲအများစုမှာ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရသူ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ အိုဒွိုင်းကို ဘိုင်ယန်မြူးနစ်အသင်းက ကမ်းလှမ်းမှု သုံးကြိမ် ပြုလုပ်ထားခဲ့ပြီး လာမယ့် ဇန်နဝါရီမှာ အကြိုသဘောတူညီမှု ရယူဖို့ ဆက်လက် ကြိုးစားဖို့ ရှိနေတာပါ။ ချယ်ဆီးအသင်းကလည်း အိုဒွိုင်းကို အသင်းမှာ ကာလရှည် ထိန်းသိမ်းလိုနေတာဖြစ်ပါတယ်။

ဧပြီလမှာ ရရှိခဲ့တဲ့ ဖနောင့်ကြောဒဏ်ရာကြောင့် ရာသီကြိုပြင်ဆင်မှုနဲ့ ရာသီအစပွဲတွေကို လွဲချော်မယ့် အိုဒွိုင်းက ဟာဇက်ရဲ့ ကျောနံပါတ်ကို ဆက်ခံခွင့်ဆိုတဲ့ ကလပ်အသင်းဘက်က ပေးမယ့် မက်လုံးထက် သူ့ကို ပွဲထွက်ခွင့် အာမခံချက်ပေးမှသာ ကလပ်အသင်းရဲ့ စာချုပ်သစ်ကို လက်ခံသွားဖို့ ရည်ရွယ်လာတာ ဖြစ်ပါတယ်။