စီးရီးအေကလပ် အေစီမီလန်ဟာ လီဗာပူးအသင်း ခံစစ်မှူး လိုဗရန်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာနေပါတယ်။ အေစီမီလန်ဟာ မန်နေဂျာသစ်နဲ့အတူ လာမယ့်ရာသီအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ အစီအစဉ်တွေ ချမှတ်နေတာပါ။

လိုဗရန်ဟာ ပြီးခဲ့တဲ့ရာသီ ဒုတိယရာသီဝက်မှာ ပုံမှန်ပွဲထွက်ခွင့်မရပဲ ကြံ့ခိုင်မှုပြသနာတွေနဲ့ ရင်ဆိုင်ထားရသူဖြစ်တယ်။ မနှစ်ကရာသီ ပြိုင်ပွဲစုံ ၁၈ ပွဲပဲ ပါဝင်ကစားနိုင်ခဲ့တဲ့ လိုဗရန်ဟာ လာမယ့်လမှာ အသက် ၃၀ ပြည့်မှာဖြစ်ပြီး ဗဟိုခံစစ်နေရာအတွက် ဗန်ဒိုက်၊ မာတစ်၊ ဂိုးမက်စ်တို့နဲ့ ပွဲထွက်ခွင့် ယှဉ်ပြိုင်နေရသူဖြစ်ပါတယ်။

လီဗာပူးဘက်ကတော့ လိုဗရန်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၂၅ သန်း သက်မှတ်ခဲ့ပြီး တရားဝင် ကမ်းလှမ်းမှု မလုပ်ရသေးတဲ့ အေစီမီလန်ကို ခံစစ်သမားအတွက် ဈေးနှုန်းအတွက် သတိပေးမှု လုပ်ပေးခဲ့ပြီဖြစ်ပါတယ်။

အေစီမီလန်ဟာ လီဗာပူးခံစစ်မှူးကို ခေါ်ယူနိုင်ဖို့ အားကစားဒါရိုက်တာ မိုက်ကယ်အဒ်ဝတ်နဲ့ စကားပြောရမှာဖြစ်ပြီး ကော်တင်ညိုကို ဘာစီလိုနာထံ ပေါင် ၁၄၂ သန်း၊ ဆိုလန်ကီုကို ဘုန်းမောက်ထံ ပေါင် ၁၉ သန်း တို့နဲ့ ရောင်းထုတ်ထားပြခဲ့တဲ့ အဒ်ဝတ်ကို ပေါချောင်ကောင်း ဈေးနဲ့တော့ ညိနှိုင်းမှု ဝင်လို့ရမှာ မဟုတ်ပါဘူး။

၂၀၁၄ ခုနှစ်မှာ ဆောက်တမ်တန်ကနေ ပေါင် သန်း ၂၀ နဲ့ ပြောင်းလာခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ခံစစ်မှူးအတွက် လီဗာပူးဘက်က တောင်းဆိုတဲ့အတိုင်း ပေါင် ၂၅ သန်းရမယ်ဆိုရင် ထွက်ခွာခွင့်ပေးမှာဖြစ်ပါတယ်။