ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား ခေါ်ယူမှု ဟာ ဘယ်သူ ဖြစ်မလဲ ဆိုတာကို နယူးကာဆယ် တိုက်စစ်မှုးဟောင်းကြီး အလန်ရှီးယား ကတော့ သုံးသပ် ရွေးချယ်မှု ပြုလုပ်လာပါတယ်။

အလန်ရှီးယားကတော့ အကောင်းဆုံး ခေါ်ယူမှုဟာ အာဆင်နယ်က ဒီကလန်ရိုက်စ်ကို ခေါ်ယူခဲ့မှု ဖြစ်တယ် လို့ ရွေးချယ်သွားပါတယ်။

ဝက်စ်ဟမ်းကနေ ပေါင် ၁၀၅ သန်းဖြင့် အာဆင်နယ်ကို ပြောင်းလာတဲ့ ရိုက်စ်ဟာ ကွင်းလယ်မှာ ပုံမှန် ပွဲထွက်ခွင့် ရသူဖြစ်ပြီး ပွဲတိုင်းမှာလည်း ခြေစွမ်းကောင်းတွေ ပြသနေနိုင်ပါတယ်။ သူဟာ ယူနိုက်တက်၊ လူတန်တောင်း ပွဲတွေမှာ နောက်ကျ အနိုင်ဂိုးတွေ သွင်းယူပေးခဲ့သူပါ။

အလန်ရှီးယားက ” လီဗာပူး သရေကျလိုက်တာကြောင့် ဘရိုက်တန်ကို သက်သောင့်သက်သာ နိုင်ထားတဲ့ အာဆင်နယ် က ဇယားထိပ် တက်သွားပါပြီ။ ဒီရာသီ ဂန်းနားတွေဟာ မနှစ်ကထက် အများကြီး တိုးတက် လာပါတယ်။ ဒီကလန်ရိုက်စ် ရောက်လာတာက ကြီးမားတဲ့ ကွာခြားချက် ဖြစ်စေပါတယ်။

ကျနော်ကတော့ ဒီကလန်ရိုက်စ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခေါ်ယူမှုလို့ ပြောချင်ပါတယ်။ ဝက်စ်ဟမ်း ကနေ သူ့ကို ပေါင် သန်း ၁၀၀ လောက် ပေးပြီး ခေါ်ယူခဲ့တာဟာ မှန်ကန်တဲ့ ငွေသုံးမှုပါပဲ။

ရိုက်က ဂန်းနားတွေကို ကျစ်လစ်လာစေပြီး ကွင်းလယ်မှာ ပိုကောင်းတဲ့ တိုက်ခိုက်နိုင်စွမ်းတွေ ပေးခဲ့ပါတယ်။ ဘောလုံးနဲ့ အတူ သူလုပ်ပြနိုင်စွမ်းက ထိပ်တန်းအဆင့်မှာ ရှိနေပါတယ်။

အခုဆို အာဆင်နယ်က မနှစ်ကလောက် စိတ်လှုပ်ရှားစရာ မကောင်းသေးပေမယ့် ပရီးမီးယားလိဂ်မှာ ခံစစ်အကောင်းဆုံး ဖြစ်လာနေတယ်။ ဒီတိုးတက်မှုကို သူတို့ ကျေနပ်နေကြမှာ ဖြစ်ပါတယ် ” လို့ ပြောဆိုသွားပါတယ်။

ရိုက်စ် ပါဝင်နေတဲ့ အာဆင်နယ်ဟာ ခံစစ်ပိုင်း ပိုမို ကျစ်လစ်လာသလို မနှစ်ကထက် ပိုပြီး တည်ငြိမ်တဲ့ ပုံစံတွေကို ပြသလာနေတာ ဖြစ်ပါတယ်။