လီဗာပူး နည်းပြ ယာဂင်ကလော့ပ်ကတော့ ပြီးခဲ့တဲ့ ယူနိုက်တက်ပွဲမှာကော မနေ့ညက ဝက်စ်ဟမ်းနဲ့ ပွဲမှာပါ ပြင်းထန်တဲ့ တွန်းအားပေးမှုတွေ လုပ်ပြနိုင်ခဲ့ခြင်း မရှိတဲ့ လီဗာပူးပရိသတ်တွေအား ပေါ်တင် ဝေဖန်သွားပါတယ်။

ဒီမနက် ကာရာဘောင်းပွဲ ယှဉ်ပြိုင်ကစားပြီး ဝက်စ်ဟမ်းကို ၅-၁ ဖြင့် အနိုင်ရချိန်မှာ လီဗာပူးအိမ်ကွင်းဟာ တိတ်ဆိတ်နေခဲ့ကြတာပါ။ ယူနိုက်တက်ကို မနိုင်လို့ ပရိသတ်တွေဘက်က ဒီလို တုန့်ပြန်တာလားလို့ မေးခွန်းထုတ်စရာ ရှိခဲ့ပါတယ်။

ဒီအပတ်မှာလည်း လီဗာပူးက ဇယားထိပ်က အာဆင်နယ်နဲ့ အန်ဖီးကွင်းမှာပဲ ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။

လီဗာပူး ပရိသတ်တွေအနေနဲ့ ဒီပွဲအတွက် အဆင်သင့် မဖြစ်ဘဲ တိတ်ဆိတ်နေကြမယ်ဆိုရင် အဆင်သင့်ဖြစ်မယ့် အခြားသူကိုပဲ လက်မှတ်တွေ ပေးလိုက်ကြဖို့ ကလော့ပ်က ပြောဆိုလိုက်ပါတယ်။

နည်းပြကလော့ပ်က ‘ ကျနော် အနောက်မှာ ပရိသတ်တွေ လုပ်နေကြတာနဲ့ ပတ်သက်လို့ သဘော မကျပါဘူး။ ကျနော် တွေးမိတာက သူတို့ ဘာလိုချင်နေကြတာလဲ? ကျနော်တို့ လူစာရင်းကို အများကြီး ပြောင်းလဲခဲ့ပြီး ဝက်စ်ဟမ်းကို စီးမိုး ကစားခဲ့တာပါ။

ကျနော်သာ ပရိသတ်တွေထဲက တစ်ဦးဆိုရင် အသင်းကို တွန်းအားပေး အားပေးနေမိမှာပဲ။ အခု လူတိုင်းက ငြိမ်ငြိမ်လေး ထိုင်နေကြတယ်။ ဘာလို့လဲ? ကျနော်တို့ ယူနိုက်တက်ပွဲကို မနိုင်ခဲ့လို့လား?

လာမယ့် စနေနေ့ အာဆင်နယ်ပွဲမှာ ပွဲစကတည်းက တွန်းအားပေးနေကြမယ့် အန်ဖီးကွင်းကို လိုချင်ပါတယ်။ ပြိုင်ဘက်နည်းပြကို ကျနော်က သွားပြီး စောဒဂတက်မှ (ရန်သွားရှာမှ) အန်းဖီးကွင်းကြီး နိုးကြားလာတာမျိုး မလိုချင်ပါဘူး။

အကယ်လို့ ပရိသတ်တွေ အနေနဲ့ မှန်မှန်ကန်ကန် မလုပ်ပေးနိုင်ဘူး ထင်ရင် ကိုယ့်လက်မှတ်ကို လုပ်ပေးနိုင်မယ့် အခြားသူကို ပေးလိုက်ကြပါ။ ’ လို့ သတိပေးသွားတာ ဖြစ်ပါတယ်။