ဘာစီလိုနာဟာ နွေအပြောင်းအရွှေ့မှာ ကစားသမားကောင်း အများအပြားကို စိတ်ဝင်စား ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး ကလပ်အသင်းခေါင်းဆောင် မက်ဆီက ကစားသမားတစ်ဦးကို ထောက်ခံမှု ပေးလာတယ်လို့ သိလာရတယ်။

ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီဟာ မနှစ်ကရာသီ ဘာစီလိုနာရဲ့ ဥရောပပြိုင်ပွဲ ကျဆုံးမှုကို စိတ်ပျက်နေပြီး အဆိုပါ စိတ်ပျက်မှုကို ဒီရာသီမှာ အောင်မြင်မှုအဖြစ် အသွင်းပြောင်းနိုင်ဖို့ စိတ်အားထက်သန်နေတာဖြစ်တယ်။

ဘာစီလိုနာ အကြီးအကဲတွေကို နွေမှာ ခေါ်ယူဖို့ ကစားသမားတစ်ဦးကိုလည်း မက်ဆီက ထောက်ခံထားတယ်လို့ သတင်းကြီးနေပါတယ်။ အဆိုပါ ကစားသမားကတော့ အင်္ဂလန်ပြည်တွင်းဖလား အားလုံးကို အနိုင်ရခဲ့တဲ့အပြင် Nations League ဖလားကိုပါ အနိုင်ရထားတဲ့ မန်စီးတီး ကွင်းလယ်လူ ဘာနာတိုဆေးဗားပဲဖြစ်ပါတယ်။

Nations League ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းနဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ ဘာနာတိုဆေးဗားဟာ ကမ္ဘာအကောင်းဆုံး ဘောလုံးသမားဆုအတွက် စတင်ကာ နာမည်ကောင်းရလာနေသူလည်းဖြစ်တယ်။

မက်ဆီက ကွင်းလယ်မှာ ဘာနာတို ဆေးဗားကို ခေါ်ယူနိုင်ခဲ့ရင် အကောင်းဆုံး အားဖြည့်မှုဖြစ်လာမယ်လို့ ယူဆနေတာ ဖြစ်နိုင်ပါတယ်။

ဘာစီလိုနာဟာ ကွင်းလယ်မှာ ရေရှည်အသုံးပြုနိုင်ဖို့ နယ်သာလန်လူငယ်ကြယ်ပွင့် ဒီဂျောင်ကို ခေါ်ယူထားခဲ့ပြီးဖြစ်ပြီး ဘာနာတိုလို ငယ်ရွယ်သေးတဲ့ နောက်ထပ် ကွင်းလယ်ဖန်တီးရှင်ကို ရခဲ့မယ်ဆိုရင် ကွင်းလယ်ဟန်ချက်ကို ကာလရှည် ထိန်းသိမ်းဖို့ ဖြစ်နိုင်မှာပါ။

ဒါပေမယ့်လို့ ရည်ရွယ်ချက်ကောင်းတွေရှိတဲ့ မန်စီးတီးကနေ ဘာနာတိုကို ခေါ်ထုတ်ဖို့ဆိုတာကတော့ အရမ်းလွယ်ကူတဲ့ ကိစ္စ မဟုတ်ပဲ မန်နေဂျာဂွာဒီယိုလာကလည်း ဘာနာတိုအတွက် ကမ်းလှမ်းမှုမှန်သမျှကို ပယ်ချပေးဖို့ မန်စီးတီးကို အာဏာကုန် ပေးအပ်ထားမှာပဲ ဖြစ်ပါတယ်။