၂၀၁၉-၂၀၂၀ ဘာလုံးရာသီသစ်အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ဇယားတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး မနှစ်ကရာသီ အမှတ်ပေးဇယား ဒုတိယနေရာက ရပ်တည်ခဲ့တဲ့ လီဗာပူးအသင်း သောကြာနေ့ညမှာ နော့ဝစ်ကို ဧည့်ခံခြင်းနဲ့ လိဂ်ပြိုင်ပွဲကြီး စတင်မှာပါ။

လက်ရှိချန်ပီယံ မန်စီးတီးကတော့ နှစ်ကြိမ်ဆက် အမှတ်ပေးဖလားကို ကာကွယ်ဖို့ ဝက်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ပထမအပတ်မှာတင် မန်ယူဟာ ချယ်ဆီးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်သွားရမယ့် ပွဲကောင်းကလည်း တနင်္ဂနွေနေ့ပွဲအဖြစ် ပါဝင်နေပါတယ်။

ရာသီအစပိုင်း ပွဲတွေမှာ မန်စီးတီးက အနည်းငယ် ပွဲချော်နေပြီး အသင်းကြီး တစ်သင်းမှ မပါချိန်မှာ ပြိုင်ဘက် လီဗာပူးကတော့ ပွဲအစ ၆ ပွဲမှာတောင် အာဆင်နယ်၊ ချယ်ဆီးတို့လို ပြိုင်ဘက်ကောင်းတွေနဲ့ တွေ့ဆုံရမှာဖြစ်တယ်။

လီဗာပူးဟာ ရာသီသိမ်းခါနီး သုံးပွဲအလိုမှာ အာဆင်နယ်၊ ချယ်ဆီးတို့နဲ့ ထပ်မံတွေ့မှာဖြစ်ပေမယ့် ပြိုင်ဘက် မန်စီးတီးကတော့ နောက်ဆုံး ၆ ပွဲလောက်မှာ ပွဲချော်နေပါတယ်။ အခြားသော ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်က အဖွင့်ပွဲမှာ နယူးကာဆယ်၊ စပါးက အဖွင့်ပွဲမှာ ပရီးမီးယားလိဂ်တန်းတက် အက်စတွန်ဗီလာတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။

စူပါကွန်ပြူတာကတော့ ၂၀၁၉-၂၀၂၀ ဘာလုံးရာသီသစ်အတွက် ပရီးမီးယားလိဂ် အဆင့်ရပ်တည်မှုကို ခန့်မှန်းပေးရာမှာ မန်စီးတီးက သုံးကြိမ်ဆက် ချန်ပီယံဖြစ်မယ်လို့ တွက်ချက်ခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းတွေအဖြစ် လီဗာပူး၊ စပါး ချယ်ဆီးတို့ကို ခန့်မှန်းခဲ့တယ်။

စူပါကွန်ပြူတာရဲ့ ခန့်မှန်းမှုမှာတော့ မန်ယူက အဆင့် ငါးနဲ့ အာဆင်နယ်တို့က အဆင့် ခြောက်တွေအဖြစ် ခန့်မှန်းသွားခဲ့တာဖြစ်ပါတယ်။