လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာလို ဥရောပပြိုင်ဘက်တွေနဲ့အပြိုင် မန်နေဂျာသစ် တစ်ဦးရဖို့ ဒီနွေမှာ ကြိုးစားရမှာဖြစ်ပါတယ်။

လေဗာကူဆင် မန်နေဂျာ အလွန်ဆိုကို ကလပ် အများအပြားက စိတ်ဝင်စားနေသလို အာမိုရင်း၊ ဒီဇာဘီလို နည်းပြကောင်းတွေကိုလည်း အသင်းတိုင်းက ပစ်မှတ်ထားနေတာပါ။

လီဗာပူးအသင်းကတော့ အသင်းနဲ့အတူ အရွယ်ရောက်လာဖို့၊ တိုက်စစ်အသားပေး ကစားဟန်ကို လမ်းညွှန်နိုင်ဖို့နဲ့ ကောင်းမွန်တဲ့ စရိုက်ကောင်းရှိဖို့ ဆိုတဲ့ အခြေခံ အချက်တွေအပြင် ကလပ်ဘက်က သတ်မှတ်ထားတဲ့ သီးသန့်သော စံနှုန်းတွေမှာ ကိုက်ညီမယ့်သူ တစ်ဦးကို ရှာဖွေနေပါတယ်။

လီဗာပူး ဒေတာအဖွဲ့ခေါင်းဆောင် William Spearman က အသက် ၃၉ နှစ်အရွယ် စပို့တင်းနည်းပြ အာမိုရင်းကို အတော်လေး သဘောကျနေပြီး မကြာခင်မှာတော့ FSG CEO အတ်ဝပ်နဲ့ အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်တို့ထံ သူ့ရဲ့ တင်ပြချက် အစီရင်ခံစာ ရောက်ရှိသွားမှာဖြစ်ပါတယ်။

လီဗာပူးက အာမိုရင်းကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေးက နည်းပါးမှာ မဟုတ်ဘဲ မန်နေဂျာတစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင်ကြေးအဖြစ် ပေါင် ၂၅ သန်း ဝန်းကျင် ပေးရဖွယ်ရှိပါတယ်။

လီဗာပူးအသင်းဟာ ယာဂင်ကလော့ပ်ကို ကမ္ဘာ့ဘောလုံးလောကရဲ့ လုပ်ခ အမြင့်ဆုံး ထိပ်တန်း မန်နေဂျာတွေထဲက တစ်ဦးဖြစ်စေမယ့် ပမာဏမျိုး ပေးချေထားတာမို့ အသင်း လိုချင်တဲ့ ထိပ်တန်းမန်နေဂျာအတွက်ဆိုရင် ငွေရေးကြေးရေး လက်တွန့်မယ့်ပုံ မပေါ်ပါဘူး။

ဒါပေမယ့် ကလပ်ရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီရမှာ ဖြစ်သလို အသင်းရဲ့ ပစ်မှတ်ဟာ လီဗာပူးအသင်းကို ဦးဆောင်ပေးဖို့ လိုလိုလားလား စိတ်ဆန္ဒရှိဖို့လည်း လိုအပ်မှာပဲ ဖြစ်ပါတယ်။