မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေအပြောင်းအရွှေ့ စျေးကွက်မှာတော့ ဘရာဇီးသား တစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

ယူနိုက်တက်ကို အောင်မြင်မှုတွေ ပြန်ယူပေးနိုင်ဖို့ ပူးတွဲ ရှယ်ယာရှင်သစ် ရက်ကလစ်တို့က ဘောလုံးဆိုင်ရာ အော်ပရေးရှင်တွေနဲ့တကွ စိစစ်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

တန်ဟက်ကို ရာထူးမှာ ဆက်ထားမလား ဖြုတ်ထုတ်မလားဆိုတာက ရာသီကုန် မှ ဆုံးဖြတ်မှာဖြစ်ပေမယ့် သေချာပေါက် ဖြည့်တင်းရမယ့် ခံစစ်အတွက် ယူနိုက်တက် ပစ်မှတ်ထားလာတာက ဘရာဇီးသား ခံစစ်မှူး ဘရီမာပဲ ဖြစ်ပါတယ်။

တိုရီနိုမှာ တောက်ပခဲ့ကာ လက်ရှိ ဂျူဗင်တပ်မှာ ကစားနေတဲ့ ခံစစ်မှူး ဘရီမာကိုတော့ ယူနိုက်တက် ကင်းထောက်တွေနဲ့ ကစားသမား ခေါ်ယူရေးဆိုင်ရာ အဖွဲ့ဝင်တွေက သဘောကျနေပါတယ်။

ဟယ်ရီမက်ဂွဲရားနေရာ အစားထိုးဖို့ ယူနိုက်တက် ချိန်ရွယ်ထားတဲ့ ဘရီမာဟာ ဂျူဗင်တပ်အသင်း အဓိက ကစားသမားဖြစ်ပေမယ့် အနာဂတ် မသေချာသေးပါဘူး။ အသက် ၂၇ နှစ်အရွယ် ခံစစ်သမားကို ပေါင် ၄၃-၅၈ သန်းကြား ပေးချရမယ်လို့ သိထားရတယ်။

ယူနိုက်တက်ဟာ အဲဗာတန်မှ ခံစစ်မှူး ဘရန်ဝိတ်ကိုလည်း ပစ်မှတ်ထားနေကာ မာဆေးဆိုဒ်ကလပ်ကတော့ ၂၁ နှစ်သား အင်္ဂလန်သားအတွက် ပေါင် သန်း ၆၀ တောင်းဆိုမှာ ဖြစ်ပါတယ်။