မန်ယူဟာ အပြောင်းအရွှေ့တွေမှာ ထိခိုက်မှုတွေ များပြားနေပြီး အထူးသဖြင့် ဒီနွေမှာတော့ ချိတ်ဆက်တဲ့ ကစားသမားတိုင်းအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တင်ခံရမှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။

မန်ယူ တိုက်စစ်မှူး လူကာကူက ဒီအပြောင်းအရွှေ့မှာတင် အသင်းကနေ ထွက်ခွာဖို့ ရာခိုင်နှုန်းများနေပြီး ၄င်းကို ခေါ်ယူဖို့ အင်တာမီလန်က ကြိုးစားနေပါတယ်။ အင်တာမီလန်ဘက်က လူကာကူအတွက် ငွေသားအပြင် တောင်ပံသမား ပါရီဆစ်ကိုပါ အလိုက်ပေးတဲ့ ကမ်းလှမ်းမှု လုပ်ထားပေမယ့် မန်ယူဘက်က ပယ်ချထားတာဖြစ်တယ်။

အီတလီသတင်းတွေအရ မန်ယူဘက်ကတော့ လူကာကူအတွက် ငွေသားနဲ့ ခံစစ်သမား မီလန် စက္ကရီနဲကို အလိုရှိပြီး အင်တာမီလန်ဘက်ကတော့ အဆိုပါ တောင်းဆိုမှုကို သဘောမတူဘူးလို့ ဆိုပါတယ်။ စက္ကရီနဲကို အလိုက်မပေးလိုရင်တော့ လူကာကူအတွက် ပေါင် ၇၅ သန်းပေးမယ့် ကမ်းလှမ်းမှု တစ်ခုတည်းကိုပဲ လက်ခံမှာဖြစ်တယ်။

မန်ယူဟာ အပြောင်းအရွှေ့မှာ ခံစစ်ပိုင်း အားဖြည့်ဖို့ ဆက်တိုက် မအောင်မြင်ထားပေမယ့် လူကာကူကို စွန့်လွှတ်ရလို့ စက္ကရီနဲကို ရမယ်ဆိုရင် ကောင်းမွန်တဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှု ဖြစ်လာမယ်လို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းအတွက် လူကာကူ ထက်စာရင် ရက်ရှ်ဖို့ဒ်က ဦးစားပေးတိုက်စစ်မှူးအဖြစ် ပွဲထွက်ခွင့်ပိုမိုရရှိခဲ့ပြီး လူကာကူကလည်း ၃၃ ပွဲ မှာ ၁၀ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ မန်ယူ နည်းပြ ဆိုးရှားက အသင်းကို လူငယ်ကစားသမားတွေနဲ့ ပြန်လည်ဖွဲ့စည်းလိုနေပြီး စီနီယာအသင်းမှ ကစားသမား အများအပြားကို ရောင်းချဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။