အပြောင်းအရွှေ့မှာ သတင်းကြီးတွေရှိနေတဲ့ ပေါ့ဘာက သူ အင်္ဂလန်မြေကနေ ထွက်ခွာပြီး စိတ်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဝန်ခံစကား ပြောဆိုလိုက်ပါတယ်။

ပြင်သစ်သားက ဒီနွေရာသီမှာ အိုးလ်ထရက်ဖို့ဒ် ကနေ ထွက်ခွာဖို့ အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့တာပါ။ သူ့အေးဂျင်း ရိုင်းအိုလာကလဲ စိတ်ဝင်စားမှုတွေ ကြားက သူ့ကစားသမားအတွက် များပြားတဲ့ စာချုပ်သဘောတူညီမှု ရရှိဖို့ စိတ်အားထက်သန် နေမယ်ဆိုတာ အသေအချာပါပဲ။

ပြင်သစ်သားဟာ လာလီဂါမှာ ဇီဒန်းနဲ့အတူ အလုပ်လုပ်ဖို့အတွက် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး အသင်းဟောင်း ဂျူဗင်တပ်ထံ ပြန်ဖို့လဲ ချိတ်ဆက်မှုတွေ ရှိခဲ့တာပါ။ ပေါ့ဘာဟာ ပရီးမီးယားလိဂ်ရဲ့ တနှစ်တာ အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့ပေမယ့်လဲ မနှစ်က သူ့စွမ်းဆောင်ရည်တွေက များစွာ ဝေဖန်ခံခဲ့ရတာပါ။

ပေါ့ဘာက ” ကျနော် မန်ချက်စတာမှာ သုံးနှစ် နေခဲ့ပြီး ကောင်းကောင်းလည်း ကြိုးစား လုပ်ဆောင်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ အခိုက်အတန့် တွေရှိသလို ဆိုးဝါးတဲ့ အခိုက်အတန့် တွေလဲ ရှိတယ်။ ဘယ်နေရာမဆို လူတိုင်းက ဒီလိုပဲ ဖြစ်မှာပါပဲ။

ဒီရာသီမှာ အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီးနောက် နေရာသစ် စိန်ခေါ်မှုအသစ် အတွက် အချိန်ရောက်လာပြီလို့ ကျနော် ထင်တယ်။ ” လို့ မန်ယူကနေ ထွက်ခွာပြီး စိန်ခေါ်မှုအသစ်တွေအတွက် ပြောင်းဖို့ရာ အချိန်တန်ပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

လက်တလောမှာတော့ ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေး မည်မျှ ရသင့်သလဲဆိုတာအတွက် ငြင်းခုံမှုတွေ ဖြစ်နေကြပါတယ်။