မန်ချက်စတာ အခြေစိုက် MEN က ပြုလုပ်သွားတဲ့ စစ်တမ်းမှာ နောက်ရာသီ မန်စီးတီး အာရုံစိုက်သင့်တာက ပရီးမီးယားလိဂ်လား ချန်ပီယံလိဂ်လား လို့ မေးမြန်းခဲ့ရာ မန်စီးတီး ပရိသတ်တွေက တ၀က်စီ ဆန္ဒရှိနေကြပြီး သဘောထားကွဲလွဲနေကြပါတယ်။

စပိန်ကလပ် Eibar မှ အသက် ၃၅ နှစ် အရွယ် ၀ါရင့် ဂိုးသမား Asier Riesgo ဟာ အံ့အားသင့်ဖွယ် အဖြစ် မန်စီးတီး ခေါ်ယူဖို့ ပစ်မှတ်ထားခြင်း ခံလာရပါတယ်။

ဘရာဇီးက လက်ခံကျင်းပနေတဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ မန်စီးတီး ဂိုးသမား အီဒါဆန်ထက် လီဗာပူး ဂိုးသမား အယ်လီဆန်ကိုပဲ ဦးစားပေးအဖြစ် အသုံးပြုဖို့ လက်ရွေးစင် မန်နေဂျာဖြစ်သူက ဆုံးဖြတ်ထားကြောင်း ဘရာဇီးဘောလုံးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ထုတ်ပြောလာပါတယ်။

မန်စီးတီးက စိတ်ဝင်စားနေတဲ့ လိုင်ယွန် ကွင်းလယ်တိုက်စစ်သမား အမ် ဒွမ်ဘီလီက တော့တင်ဟမ်စပါးကို အထင်ကြီးထားပြီး ပိုချက်တီနို အတွက် ကစားပေးဖို့ အသင်းပြောင်းရန် စိတ်ဝင်စားကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။ ၄င်းက လောလောဆယ် အားလပ်ရက် အနားယူရင်း အချိန်ယူ စဉ်းစားနေပြီး နောက်လထဲ သူပြန်လာချိန်မှာ အနာဂတ်အသင်းပြောင်း ကိစ္စများ ဆုံးဖြတ်ဖို့ ရှိပါတယ်။

မန်စီးတီးမှာ ဖာနန်ဒင်ဟိုနေရာ အစားထိုးဖို့ လူငယ်ကစားသမား ဒေါက်ကလပ် လူးဝစ်ကို လွန်ခဲ့တဲ့ ၂ ရာသီတည်းက ပေါင် ၁၀ သန်းနဲ့ ခေါ်ယူခဲ့ပြီး ရှိထားပါတယ်။ ဒါပေမယ့်လို့ အလုပ်ပါမစ် မရသေးတာကြေင့် မိတ်ဖက်ကလပ် Girona ကို အငှားချထားရသေးတာဖြစ်ပါတယ်။

မန်စီးတီးနဲ့ လီဗာပူးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ပြိုင်ဆိုင်မှု ပြင်းထန် ခဲ့သလိုပဲ ဘောလုံးရာသီ ပြီးဆုံးချိန်မှာ ကလပ်အသင်း နှစ်သင်းကြား ပြိုင်ဆိုင်မှုက မပြီးဆုံးသေးဘဲ ရှိနေပါတယ်။ နွေရာသီမှာလည်း နိုင်ငံအသင်းမှာ ကလပ်အသင်းကစားသမားတွေကြား နေရာလုပွဲက ပြင်းထန်နေဆဲပါ။

၂၀၁၈ ကမ္ဘာ့ဖလားမှာ မန်စီးတီးတိုက်စစ်မှူး ဂျေးဆုက စိတ်ပျက်စရာ ကစားပုံတွေ ပြသခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၁၂လအတွင်း ဖာမီနိုက ဘရာဇီးရဲ့ ဦးစားပေး တိုက်စစ်မှူးအဖြစ်သုံးဖို့ လက်ရွေးစင်မန်နေဂျာက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ဂျေးဆုကို တစ်ပွဲကစားချိန် မိနစ် သုံးဆယ်လောက်ပေးဖို့က စဉ်းစားထားဆဲဖြစ်ပါတယ်။