မန်ချက်စတာယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ် ခံစစ်မှူး ၀မ် ဘစ်ဆာကာ အတွက် ပေါင် သန်း ၅၀ နဲ့ ထပ်မံ ကမ်းလှမ်းခဲ့ပေမယ့် ပဲလေ့စ်ဘက်က ပယ်ချသွားခဲ့ပါတယ်။ မန်ယူဟာ ကနဦး ပေါင် ၃၅ သန်းနဲ့ နောက်ဆက်တွဲ ပေါင် ၁၅ သန်း ပေးအပ်ဖို့ ကမ်းလှမ်းခဲ့တာပါ။

လက်စတာခံစစ်မှူး မက်ဂွဲရားကို ခေါ်ယူပါက ကုန်ကျမယ့် ပေါင် သန်း ၈၀ ကို လျော့ချနိုင်ဖို့အတွက် မန်ယူဘက်က ကွင်းလယ်လူ ပါရဲရားကို အလိုက်ပေး ကမ်းလှမ်းရန် ကြံရွယ်နေပါတယ်။

မန်ယူမှာ ပွဲဦးထွက် ရာသီက ခက်ခဲခဲ့တယ်လို့ မနှစ်က နွေအပြောင်းအရွှေ့မှာ ရောက်လာခဲ့တဲ့ ဘရာဇီးသား ဖရက်က ဖွင့်ဟ ဝန်ခံ လိုက်ပြီး နောက်ဘောလုံးရာသီ အိုးလ်ထရက်ဖို့ဒ်မှာ တိုးတက်မှုတွေ ရှိလာဖို့ ဆုဖလားတွေ ရယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ပြင်သစ်လီဂူး ၀မ်း ချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ ဈေးကွက်ထဲမှာ ကွင်းလယ်ကစားသမား ရှာဖွေနေပြီး မန်ချက်စတာ မန်ယူ ကွင်းလယ် ပေါ့ဘာကို ခေါ်ယူဖို့ မျက်စိကျနေတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီမှ ရာဘီရော့ဘ် ထွက်ခွာမှာ ဖြစ်လို့ ပေါ့ဘာကို ၄င်း နေရာ အစားထိုး လိုနေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပေါ့ဘာကို ထိန်းထားလိုပေမယ့် ကစားသမားကို ဆုံးရှုံးရပါက ပီအက်စ်ဂျီမှ နေမာကို ခေါ်ဖို့ ပြန်လည် ကြိုးစား လာဖွယ် ရှိပါတယ်။ ပေါ့ဘာရော နေမာပါ ကြယ်ပွင့် ကစားသမား နှစ်ယောက်လုံးက လက်ရှိကလပ်အသင်းတွေကနေ အသီးသီး ပြောင်းရွှေ့ လိုနေပါတယ်။

မန်ယူအသင်းဟာ ၀က်စ်ဟမ်း ခံစစ်မှူး ဒီအော့ကို ပေါင် ၄၅ သန်းနဲ့ ကမ်းလှမ်းထားပေမယ့် ၀က်စ်ဟမ်းဘက်က ပေါင် သန်း ၆၀ ထိ အလိုရှိနေပြီး ပေါင် ၄၅ သန်းနဲ့ ကမ်းလှမ်းပါက ကစားသမား တစ်ယောက် အလိုက်ပေးစေဖို့ အလိုရှိနေပါတယ်။ မန်ယူဘက်ကတော့ ၄၅ သန်းဟာ ကစားသမားအတွက် ကန်းကုန် ကမ်းလှမ်းမှု ဖြစ်နေတာပါ။

ဒီအပြောင်းအရွှေ့မှာ မန်ယူ၊ စပါး၊ အာဆင်နယ်တို့နဲ့ ချိတ်ဆက်မှုတွေ ရှိနေခဲ့တဲ့ ပေါင် သန်း ၆၀ တန် လက်စတာ ကွင်းလယ်ကစားသမား ဂျိမ်းစ် မက်ဒီဆင်ကတော့ ကမ်းလှမ်းမှုများကို စိတ်မ၀င်စားဘဲ လက်ရှိကလပ်အသင်းမှာသာ ဆက်နေသွားလိုကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတ်ယ။

ရီးရဲလ်မက်ဒရစ်ဟာ ပေါ့ဘာအတွက် အလိုက်ပေးမှုအဖြစ် ဘေလ်းနဲ့ အစ္စကို တစ်ဦးဦးအား မန်ယူကို ရွေးချယ်ခွင့်ပေးဖို့ ဆန္ဒရှိနေပါတယ်။ ယူနိုက်တက်ဘက်ကတော့ ပေါ့ဘာကို လုံးဝ ထွက်ခွင့်မပေးဖို့ ဆုံးဖြတ်ထားပါတယ်။

မန်ချက်စတာယူနိုက်တက် ကွင်းလယ်တိုက်စစ် သမား မာတာ ဟာ လက်ရှိနွေမှာတင် အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီ ဖြစ်လို့ အသင်းကနေ ထွက်ခွာမယ် ယူဆထားခဲ့ကြတာပါ။ ဒါပေမယ့် မာတာ အသင်းမှာ ဆက်ရှိမယ်လို့ မန်ယူနည်းပြ ဆိုးရှားက ပြောကြားလိုက်ပြီး စပိန်သားကို လာမယ့်ရာသီ အိုးထရက်ဖို့ဒ်မှာ ဆက်လက် မြင်တွေ့ရဦးမှာပါ။