လာမယ့် ဘောလုံးရာသီ အစ ပွဲဦးထွက်မှာတင်ပဲ ချန်ပီယံတွေချင်း ခြေသွေးကြတော့မယ့် UEFA စူပါကပ်နဲ့ ကွန်မြူနတီ ဒိုင်း ပွဲစဉ်တွေက စောင့်ကြိုနေပါတယ်။ ချန်ပီယံလိဂ် ဗိုလ်စွဲခဲ့တဲ့ လီဗာပူး၊ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီး၊ ယူရိုပါလိဂ် ချန်ပီယံ ချယ်ဆီးတို့ အသီးသီး ယှဉ်ပြိုင်ကြမယ့် ပွဲစဉ်တွေ ဖြစ်ပါတယ်။

ထိုပွဲစဉ် နှစ်ပွဲ ကစားမည့် နေရာ၊ ရက်စွဲနဲ့ အချိန် စတဲ့ အချက်အလက်တွေ တရားဝင် အတည်ပြု ကြေငြာချက် ထွက်ပေါ်လာပါပြီ။ လီဗာပူး အသင်း ကတော့ ချန်ပီယံလိဂ်ရရှိခဲ့တဲ့အပြင် အမှတ်ပေးဇယားမှာလည်း အဆင့် ၂ ရရှိခဲ့တာကြောင့် ဒီပွဲစဉ် နှစ်ပွဲစလုံးကို ကစားရမှာပါ။

လီဗာပူး Vs ချယ်ဆီး (UEFA Super Cup)

ဥရောပ ဗိုလ် နှစ်သင်းတွေ့ကြမယ့် စူပါကပ် ပွဲစဉ်ကို သြဂုတ်လ ၁၅ ရက် ကြာသပတေးနေ့ မြန်မာအချိန် မနက် ၁နာရီခွဲ ကျင်းပမှာ ဖြစ်ပါတယ်။ ယှဉ်ပြိုင်ကစားရမယ့် ကွင်းကတော့ တူရကီကလပ် ဘတ်ဆစ်တပ်စ်အသင်းရဲ့ အိမ်ကွင်း ဘိုဒါဖွန်ကွင်း ဖြစ်ပါတယ်။ ကွင်း ၀င်ဆံ့တဲ့ ပရိသတ်ဦးရေက ၄၂၀၀၀ ဖြစ်ပြီး လက်မှတ်ကတော့ တစ်သင်း စောင်ရေ ၅၀၀၀ စီ ခွဲတမ်း ရရှိမယ်လို့ သိရပါတယ်။

မန်စီးတီး Vs လီဗာပူး (Community Shield)

အင်္ဂလန် ပြည်တွင်း ဗိုလ်တွေကတော့ သြဂုတ်လ ၄ ရက်နေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲမှာ ထုံးစံအတိုင်း ၀င်ဘာလေကွင်းကြီးမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ ကွန်မြူနတီဒိုင်း လက်ရှိ ချန်ပီယံက မန်စီးတီး ဖြစ်ပြီး ဒီဖလားကို လီဗာပူးလ်က ၁၅ကြိမ်နဲ့ မန်စီတီးက ၅ကြိမ် ရရှိထားပါတယ်။