လန်ဒန်အခြေစိုက် သတင်းများ အဆိုအရ ချယ်ဆီးအသင်းဟာ ဖရန့်လမ်းပတ်ကို ကလပ်အသင်း မန်နေဂျာသစ် အဖြစ် ဒီသီတင်းပတ် အကုန်မှာ တရားဝင် အတည်ပြု ကြေငြာသွားတော့မယ်လို့ သိရပါတယ်။

လမ်းပတ် ရောက်လာခြင်းက လူငယ်တိုက်စစ်သမား အိုဒွိုင်းကိုလည်း အသင်းမှာ ဆက်နေဖို့ ဆွဲဆောင်နိုင်မယ်လို့ အသင်း တာဝန်ရှိသူများက ယူဆထားပါတယ်။

ဖရန့် လမ်းပတ်က အသင်းဟောင်း ချယ်ဆီးထံကနေ တရားဝင်ကမ်းလှမ်းမှု ရရှိတာနဲ့ ဒါဘီ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း ဒါဘီ ကစားသမားတွေကို အသိပေးခဲ့တယ်လို့ သိရပါတယ်။

ချယ်ဆီးအသင်း အတွက် ထိုးနှက်ချက် တစ်ခု အနေနဲ့ ခံစစ်မှူး ရူဒီဂါဟာ ဘောလုံးရာသီ အစပိုင်း ပွဲစဉ်များ အမှီ ဒူးဒဏ်ရာကနေ ပြန်လည် သက်သာ ကောင်းမွန်လာဖွယ် မရှိသေးကြောင်း သိရပါတယ်။ ရူဒီဂါက ၄င်းရဲ့ ဒူးဒဏ်ရာကို ခွဲစိတ်မှုလည်း ပြုလုပ်ခဲ့ပြီး ပရီးမီးယားလိဂ် ဘောလုံးရာသီ အဖွင်ပွဲစဉ် သြဂုတ် ၁၁ ရက်နေ့ ယူနိုက်တက်နဲ့ ပွဲကို လွဲချော်ဖွယ် ရှိလာတာပါ။

ချယ်ဆီးအသင်းခေါင်းဆောင်ဟောင်းကြီး ဒန်းနစ် ၀ိုက်စ်က ဖရန့်လမ်းပတ်ကို အသင်းနည်းပြအဖြစ် ပြန်ခေါ်ယူလိုက်တာ စောလွန်းတယ်လို့ ယူဆပြီး စိတ်ပူနေပါတယ်။

ဆာရီရဲ့ တပည့်ရင်း ချယ်ဆီး ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဟာ လန်ဒန်ကလပ်သို့ ရောက်တာ တစ်ရာသီသာ ရှိသေးပေမယ့် ဆာရီ ထွက်ခွာသွားပြီးနောက် ဂျူဗင်တပ်သို့ လိုက်ပါသွားဖွယ် ရှိတယ် သတင်းများ ထွက်နေပြီး ဂျော်ဂျင်ဟိုရဲ့ အေးဂျင့်ဖြစ်သူကလည်း ထိုသတင်းများကို ငြင်းဆန်ခြင်း မပြုခဲ့ပါဘူး။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချယ်ဆီး တောင်ပံကစားသမား အိုဒွိုင်းလ်ကို ပြန်လည် ချိတ်ဆက်လာနေပြီလို့ သိရပါတယ်။ ဘိုင်ယန်ဟာ ပြီးခဲတဲ့ ဇန်န၀ါရီတုန်းက အိုဒွိုင်းအတွက် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပြီး ချယ်ဆီးက ပယ်ချထားခဲ့တာပါ။

ချယ်ဆီးကစားသမားဟောင်းကြီး ဂျွန်တယ်ရီဟာ လက်ရှိ လက်ထောက်နည်းပြ လုပ်နေတဲ့ အက်စတွန်ဗီလာအသင်းနဲ့ ၂၀၂၁ ထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပါတယ်။ လမ်းပတ် ချယ်ဆီးကို တာဝန်ယူရင် တယ်ရီက ဒါဘီနည်းပြ ဖြစ်လာမယ် ရေပန်းစားခဲ့ပေမယ့် ၄င်းက လက်ရှိ ကလပ်အသင်းမှာပဲ ဆက်နေဖို့ ရွေးချယ်ခဲ့တာပါ။