မန်ယူဟာ နွေအတွက် လူစာရင်းဖြည့်တင်းမှုကို ၅ ဦးလောက်ထိ ထည့်သွင်းအင်အားဖြည့်ဖို့ ရှိပြီး ခံစစ်သမား သုံးဦး၊ ကွင်းလယ်လူ ၁ ဦးနဲ့ တိုက်စစ်သမား ၁ ဦးဖြစ်မယ်လို့ သုံးသပ် ပြောဆိုထားမှုတွေ ရှိနေပါတယ်။

လူငယ်မန်နေဂျာတစ်ဦးဖြစ်တဲ့ ဆိုးရှားကတော့ ကလပ်အသင်းကို ဖျော်ဖြေမှုပေးနိုင်တဲ့ တိုက်စစ်အသားပေးဟန်အဖြစ် တည်ဆောက်လိုပြီး လူငယ်တွေကို အသားပေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ အသင်းဘက်က အသုံးပြုခွင့်ပေးမယ်ဆိုတဲ့ အသုံးစရိတ်က သရဲနီပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်လာစေခဲ့ပါတယ်။

ESPN သတင်းဌာနက ဖော်ပြလာရာမှာတော့ ဆိုးရှားဟာ ဒီနွေအပြောင်းအရွှေ့မှာ အသုံးစရိတ် ပေါင် သန်း ၁၀၀ ပဲ ရမှာဖြစ်တယ်။ လက်ရှိ ဈေးကွက်မှာ ထိပ်တန်း ကစားသမားတွေနဲ့ သတင်းထွက်ခဲ့ပေမယ့် ကမ်းလှမ်းမှုတွေ ရှေ့ဆက်မတိုးနိုင်ခဲ့တာက ကန့်သတ်ထားတဲ့ အပြောင်းအရွှေ့ အသုံးစရိတ်တွေကြောင့်လို့ သိလာရတယ်။

နွေရာသီမှာ မန်ယူဘက်က အသုံးစရိတ်ကြီးတွေ ထုတ်သုံးလာမယ်လို့ မျှော်လင့်ချက်ကြီးတွေ ထားရှိနေကြတဲ့ အသင်းပရိသတ်တွေအတွက် အံ့သြသင့်စရာ သတင်းဖြစ်လာခဲ့ပြီး လက်ရှိ အချိန်ထိ ဂျိမ်းတစ်ဦးတည်းကိုပဲ လက်မှတ်ထိုးထားနိုင်ခြင်းကလည်း သံသယတွေကို ပိုခိုင်မာလာစေခဲ့ပါတယ်။

ဒါပေမယ့်လို့ တိုက်စစ်မှူး လူကာကူကို စီးရီးအေကလပ် အင်တာမီလန်အသင်းထံ ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး ကလပ်အသင်း လူစာရင်းက ကစားသမာတွေကို ရောင်းထုတ်ရာမှာ ရလာမယ့် ပြောင်းရွှေ့ကြေးတွေကိုတော့ ဆိုးရှား အသုံးပြုခွင့် ရဦးမှာဖြစ်ပါတယ်။