ဆဲလ်တစ်အသင်းဟာ ၄င်းတို့ ဘယ်ခံစစ်မှူး ကီရန် တီရာနေးအတွက် အာဆင်နယ်အသင်းရဲ့ ပေါင် ၁၅ သန်းနဲ့ ကမ်းလှမ်းမှုကို ပယ်ချ လိုက်ကြောင်း စကိုင်းစပေါ့ သတင်းမှာ ဖော်ပြလာပါတယ်။ အသက် ၂၂ နှစ်အရွယ် ခံစစ်မှူးလေးက ဆဲလ်တစ်နဲ့ ၂၀၂၃ ထိ စာချုပ်သက်တမ်း ကျန်ရှိပါသေးတယ်။

ဆဲလ်တစ်အသင်း ဒီအပြောင်းအရွှေ့မှာ တီရာနေး အတွက် ၄င်းတို့ တောင်းဆိုထားတဲ့ ပေါင် ၂၅ သန်း ရရှိနိုင်မယ် မျှော်လင့်နေပါတယ်။

အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီဟာ တိုက်စစ်အတွက် ခရစ္စတယ်ပဲလေ့စ်မှ ပေါင် ၅၅ သန်းတန် တိုက်စစ်သမား ဇာဟာကို ခေါ်ယူလိုတာကြောင့် အပြောင်းအရွှေ့စရိတ် တိုးပေးဖို့ ဘုတ်အဖွဲ့ထံ တောင်းဆိုလိုက်ပါတယ်။

အာဆင်နယ်နဲ့ လက်စတာအသင်းတို့ဟာ ဘရိုက်တန်အသင်းမှ သန်း ၃၀ တန် ခံစစ်မှူး လူးဝစ် ဒန့်ကို ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စား နေကြပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းမှာ ကာလကြာ တာဝန်ထမ်းလာတဲ့ အသင်းခေါင်းဆောင် ကိုစီရယ်နီကို ကစားသမား ဘ၀ အနားယူသည်ထိ အသင်းမှာ ဆက်ထားသွားရန် ပြောဆိုဆွေးနွေးမှုများ စတင်လာဖွယ် ရှိနေပါတယ်။

မိန့်ဇ်နောက်ခံလူ ဖီလစ်ပီ ဂဘာမင်ရဲ့ အေးဂျင့် ဖြစ်သူက ၄င်း ကစားသမားကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့အသင်းတွေထဲမှာ အာဆင်နယ် အသင်းလည်း ပါဝင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အိုင်ဗရီကို့စ်သား ဂဘာမင်ရဲ့ အေးဂျင့်ဖြစ်သူ ကိုလင်ဂန်ဟာ လက်ရှိမှာ အပြောင်းအရွှေ့ ကိစ္စအတွက် လန်ဒန်ကို ရောက်ရှိနေပါတယ်။

ဒီနွေမှာ အသင်းကြီးတွေ ကိုယ်စီ ရောင်းထုတ်သင့်တဲ့ ကစားသမားတွေအကြောင်း သုံးသပ်မှု ထွက်ပေါ်လာရာ အာဆင်နယ် အနေနဲ့ အိုဇေးလ်ကို ရောင်းချသင့်တယ်လို့ မှတ်ချက်ပြုမှု ရှိလာပါတယ်။