ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ်တွေကတော့ အပြီးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ညမှာ နောက်ဆုံး (၁၆)သင်း ရှုံးထွက် အဆင့်ကို တက်ရောက်ခဲ့တဲ့ အသင်းတွေအားလုံး စုံစုံလင်လင်ထွက်ပေါ်လာခဲ့ပြီလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ်အသင်းအားလုံး နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး ဥရောပမှာ ခြေတစ်လှမ်းချနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒီအသင်း (၄)သင်းထဲမှာ မန်စီးတီးတစ်သင်းတည်းသာ အုပ်စုထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ပြီး လီဗာပူးလ်၊ စပါး နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ကတော့ ပီအက်စ်ဂျီ၊ ဘာစီလိုနာ နဲ့ ဂျူဗင်တပ်စ်တို့ရဲ့နောက် အုပ်စုဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီအတွက် ဒီအသင်းတွေ (၁၆)သင်းအဆင့်မှာ ဘယ်အသင်းတွေနဲ့ တွေ့နိုင်မလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

အုပ်စုထိပ်ဆုံးစီက အသင်း (၈)သင်းဟာ ဆီဒင်သတ်မှတ်ချက် ရရှိမှာဖြစ်ပြီး ဒုတိယနေရာက အသင်းတွေကတော့ ဆီဒင်သတ်မှတ်ချက် ရရှိမှာမဟုတ်ပါဘူး။ ဒီအတွက် ဆီဒင်ရတဲ့အသင်းနဲ့ ဆီဒင်မရတဲ့ အသင်းတွေ တွေ့ဆုံရမှဖြစ်ပြီး တစ်နိုင်ငံတည်းအသင်းတွေက ဒီအဆင့်မှာ တွေ့ဆုံခွင့် ရှိမှာမဟုတ်တဲ့ စည်းကမ်းချက်ကြောင့်လည်း တွက်ချက်ရတာက ရိုးရှင်းသွားပါတယ်။

ဖြစ်လာနိုင်တဲ့အနေအထားတွေကို Daily Mail က ဖော်ပြခဲ့ပါတယ်။ (၁၆)သင်းအဆင့် မဲခွဲမှုကို ဒီဇင်ဘာလ (၁၇)ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ၊ နွန်မြို့က ဥရောပဘောလုံးအဖွဲ့ချုပ်ရုံးမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ မန်စီးတီးအသင်းက ဘယ်အသင်းတွေနဲ့ တွေ့ဆုံမလဲဆိုတာကို ကြည့်ကြည့်ပါမယ်။

မန်စီးတီးက ဆီဒင်သတ်မှတ်ချက် ရရှိထားတဲ့အတွက် သူတို့တွေ့ဆုံနိုင်တဲ့ အသင်းတွေက အက်သလက်တီကို၊ ရှော်လ်ကေး၊ အေဂျက်ဇ် နဲ့ ရိုးမားတို့ ဖြစ်ပါတယ်။ ဒီထဲမှာ ရှော်လ်ကေးက အလွယ်ကူဆုံးပြိုင်ဘက်ဖြစ်ပြီး အခက်ခဲဆုံးပြိုင်ဘက်က အက်သလက်တီကို ဖြစ်နေပါတယ်။ မန်စီးတီးအတွက်တော့ အနည်းငယ် ပွဲစဉ်ချောင်တဲ့ အနေထားမှာ ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်တော့ အုပ်စုပထမရ အသင်းတွေနဲ့သာ တွေ့ဆုံရမှာပါ။ ဒီတော့ ဒေါ့မွန်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ပေါ်တို တို့ထဲက တစ်သင်းသင်းနဲ့ တွေ့ဆုံရမှာပါ။ အလွယ်ကူဆုံး ပြိုင်ဘက်အဖြစ် ပေါ်တိုသာ ရှိနေပြီး ကျန်တဲ့အသင်းတွေကတော့ အသင်းကြီးတွေဖြစ်တာမို့ ယူနိုက်တက်အတွက် (၁၆)သင်းအဆင့်က ကံဆိုးနေခဲ့ပါတယ်။

လီဗာပူးလ်ကလည်း ယူနိုက်တက်နည်းတူပါပဲ။ သူတို့က ပီအက်စ်ဂျီနေရာမှာ ဂျူဗင်တပ်စ်က အစားထိုးဝင်ရောက်လာပါတယ်။ ဒါက တစ်အုပ်စုတည်းက အသင်းတွေ (၁၆)သင်းအဆင့်မှာ ပြန်ဆုံတွေ့ခြင်းမရှိရဆိုတဲ့ စည်းမျဉ်းကြောင့်ပါ။ ဘာဖြစ်ဖြစ် လီဗာပူးလ်ကလည်း ပေါ်တိုနဲ့ ရင်ဆိုင်ရဖို့သာ မျှော်လင့်မှာ ဖြစ်ပါတယ်။

တော့တင်ဟမ်အသင်းကလည်း ထိုနည်းလည်းကောင်းပါပဲ။ သူတို့ကလည်း ဘာစီလိုနာရဲ့ နေရာမှာ ဂျူဗင်တပ်စ်သာ ပြောင်းလဲသွားမှာဖြစ်ပြီး ပေါ်တိုနဲ့ ကစားခွင့်ရဖို့ အိပ်မက်မက်နေမှာပါ။ ဒီတော့ ပရိးမီးယားလိဂ်အသင်းတွေမှာ မန်စီးတီးပဲ ပွဲချောင်နေပြီး ကျန်(၃)သင်းကတော့ ပွဲကျပ်တွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

(၁၆)သင်းအဆင့် ပွဲစဉ်တွေကိုတော့ ဖေဖော်ဝါရီလ (၁၂)ရက်၊ (၁၃)ရက် ၊ (၁၉) ရက်နဲ့ (၂၀)ရက်တို့မှာ ကစားသွားမှာဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်တွေကို မတ်လ (၅)၊ (၆)၊ (၁၂)၊ (၁၃) တို့မှာ ကစားသွားမှာ ဖြစ်ပါတယ်။