မန်ယူ ခံစစ်မှူး ဘိုင်လီကတော့ စပါးကို နှစ်ဂိုး တစ်ဂိုးနဲ့ အနိုင်ရသွားခဲ့တဲ့ ICC ဖလား ပွဲစဉ်မှာ ဒဏ်ရာ ရသွားခဲ့ပြန်ပါတယ်။ ဘိုင်လီဟာ ဒုတိယပိုင်း မှာ စမောလင်းရဲ့နေရာကို လူစားလဲလှယ် ၀င်ရောက်ကစားခွင့်ရခဲ့ပြီး ပွဲကစားချိန် ၅၆ မိနစ်အရောက်မှာပဲ ဒူး ဒဏ်ရာ ရသွားခဲ့တာဖြစ်ပါတယ်။ ။

ဘိုင်လီကို ထမ်းစင်နဲ့ သယ်ထုတ်ခဲ့ရကာ အခြေအနေ မကောင်းခဲ့ပါဘူး ထိုပွဲစဉ်မှာ စပါးကွင်းလယ်လူ ဆစ်ဆိုခဲ့ရဲ့ ကစားဟန်က အတော်လေး ကြမ်းတမ်းခဲ့ပြီး တောင်ပံသမား ဒန်နီရယ်ဂျိမ်းကိုလည်း အန္တရာယ်များတဲ့ ထိခိုက်မှုတွေ ကျူးလွန်ခဲ့ပါသေးတယ်။

မန်ယူအသင်း နည်းပြ ဆိုးရှားကလည်း ပွဲအပြီးမှာတော့ ” ဒူးမှာ ဒဏ်ရာရခဲ့တာပါ။ စကန်ဖတ်တာကို ကျနော်တို့ စောင့်ရပါမယ်။ ပထမဆုံး စစ်ဆေးမှုတွေအရတော့ ဘိုင်လီရဲ့ ဒဏ်ရာက သိပ်တော့ မကောင်းပါဘူး ” လို့ ဒဏ်ရာအခြေအနေ ပြင်းထန်ပုံရကြောင်း ဆိုခဲ့ပါတယ်။

စပါးအသင်းနည်းပြ ပိုချက်တီနိုကလည်း ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ကြမ်းတမ်းတဲ့ စပါးအသင်းသား အချို့ရဲ့ ကစားဟန်အတွက် တောင်းပန်စကား ဆိုခဲ့ပါတယ်။

ဒါပေမယ့် ဒီပွဲကို မန်ချက်စတာ ယူနိုက်တက်တို့ အနိုင်ရခဲ့တာကြောင့် ရာသီကြိုမှာ လေးပွဲကစားပြီး လေးပွဲလုံးကို အနိုင်ရခဲ့တာဖြစ်တယ်။

ဘိုင်လီဟာ ၂၀၁၆ ခုနှစ် နွေမှာ ဗီလာရီးရဲလ်ကနေ မန်ယူထံ ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သူပါ။ ၄င်းရဲ့ ပွဲဦးထွက် ဘောလုံးရာသီမှာ မန်ယူခံစစ်အတွက် အရေးအပါတဲ့ ကစားသမားဖြစ်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ဒဏ်ရာတွေနဲ့ ရုန်းကန်ရင်း ခြေစွမ်းက ကျဆင်းသွားခဲ့ပါတယ်။

မန်ယူနည်းပြ ဆိုးရှားကတော့ ဘိုင်လီရဲ့ ကြံ့ခိုင်မှုအခြေအနေကို စိတ်ပျက်မှာ ဖြစ်ပြီး ရောင်းထုတ်ခံရမယ့်စာရင်းထဲ ပါသွားဖို့လည်း ရာခိုင်နှုန်း များသွားခဲ့ပြီ ဖြစ်ပါတယ်။