ဆာရီရဲ့ အသင်းဟောင်း နာပိုလီအသင်း ဥက္ကဌ ဒီလောရင်းတစ်က ဆာရီကို ထပ်မံပုတ်ခတ်လိုက်ပြန်ပါတယ်။ ၄င်းအနေနဲ့ အသင်းမှာ ဆာရီကို ခန့်စဉ်က အားလုံးရဲ့ ဆန္ဒတွေကို ဆန့်ကျင်ပြီး ခန့်အပ်ခဲ့ရတာ ဖြစ်ကြောင်းနဲ့ ကစားသမား ၀ယ်ယူမှုတွေမှာ ဆာရီနဲ့ ညှိနှိုင်းလို့ မရခဲ့တာတွေ ပြောကြားလိုက်တာပါ။ ဒါ့အပြင် ဆာရီရဲ့ ဇနီးဖြစ်သူက တစ်ကြိမ်မှ ကွင်းထဲသို့လာရောက်ပြီး အသင်းကို အားမပေးခဲ့ဖူးကြောင်းနဲ့ ဆာရီရဲ့ စိတ်ခံစားမှု များတဲ့ အကြောင်းတွေ ထုတ်ဖော် ဝေဖန်လိုက်ပြန်တာပါ။

ချယ်ဆီးအသင်းမှ တောင်ပံကစားသမား ဗစ်တာမော့ဆက်ကို ခေါ်ယူနိုင်မယ်လို့ ခရစ္စတယ် ပဲလေ့စ်အသင်းက ယုံကြည်နေပါတယ်။ မော့ဆက်က ဒီရာသီမှာ ချယ်ဆီးအတွက် ၅ ပွဲသာ ပါဝင်ကစားထားရပြီး ဇန်န၀ါရီမှာ အသင်းက ထွက်ခွာရန် ကြံရွယ်နေတာပါ။ ၄င်းကို ပဲလေ့စ်အပြင် ၀ုဗ်နဲ့ ၀က်စ်ဟမ်းအသင်းတို့ကလည်း စိတ်ဝင်စားနေပါတယ်။

ဒီတစ်ပတ် ချယ်ဆီးနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲမှာ လက်စတားအသင်းဘက်မှာ တိုက်စစ်မှူး ဗာဒီ ပြန်လည် ပါဝင်လာမှာ ဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟောင်း ဗာဒီက ဒီရာသီမှာ လက်စတာအတွက် ၅ ဂိုး သွင်းယူပေးထားသူ ဖြစ်ပြီး နည်းပြ ကိုယ်တိုင်က ဗာဒီ ပါဝင်လာဖို့ မျှော်လင့်ကြောင်း ထုတ်ဖော် ပြောကြားထာပါတယ်။

လက်ရှိ နည်းပြ အူနိုင်း အမ်မရီက အာဆင်နယ်အသင်းကို ကောင်းမွန်စွာ ဦးဆောင်ပြီး စီမံခန့်ခွဲနေပါတယ်လို့ နည်းပြဟောင်း အာဆင်ဝင်းဂါးက ထောက်ခံ ပြောဆိုသွားပါတယ်။ အမ်မရီရဲ့ ကစားသမားခေါ်ယူမှုတွေက မှန်ကန်ကြောင်း ၀င်းဂါးက ချီးကျူးခဲ့တာပါ။ အမ်မရီဟာ ဂိုးသမား လီနို၊ လစ်ခ်ျစတိုင်နာ၊ လူငယ် ဂွမ်ဒူဇီတို့နဲ့ အသင်းမှာ ခြေစွမ်းပြနေတဲ့ တော်ရဲရားတို့ကို ခေါ်ယူထားခဲ့တာပါ။

ဒီတလော ပွဲစဉ်တွေမှာ ထည့်သွင်းကစားစေခြင်း မရှိတဲ့ အိုဇေးလ်ကို အမ်မရီနဲ့ အာဆင်နယ်အသင်းက ဇန်န၀ါရီမှာ ထုတ်ရောင်းဖွယ် ရှိကြောင်း သတင်းများ ပိုမိုထွက်လာပါတယ်။ အင်တာမီလန်ကတော့ အိုဇေးလ်ကို ခေါ်ယူဖို့ အတက်ကြွဆုံးအသင်း အဖြစ် ရှိနေပါတယ်။

စပါးကစားသမား အလီကို ရေဗူးနဲ့ ပစ်ပေါက်ခဲ့သူကို ဖော်ထုတ်ဖို့ အာဆင်နယ်အသင်းက ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေပြီ လို့ သိရပါတယ်။ ထိုဖြစ်ရပ်က လူတစ်ဦးတစ်ယောက်ရဲ့ လုပ်ရပ်ဖြစ်ပေမယ့် အသင်းအနေနဲ့ အရှက်ရကြောင်း အာဆင်နယ်အသင်းဘက်က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

မော်ရင်ညို ထွက်ခွာသွားအပြီး ပြန်လည်တည်ဆောက်မယ့် ယူနိုက်တက်အသင်းမှာ အင်အားဖြည့်ဖို့ အပြောင်းအရွှေ့ စာရင်းထဲ ဒေါက်ဂလပ် ကော်စတာက ပစ်မှတ်တစ်ခု အဖြစ် ပါဝင်လာပါတယ်။ ရိုနယ်ဒိုရောက်လာတည်းက ဒုတိယ ဦးစားပေးဖြစ်သွားတဲ့ ကော်စတာကို ယူနိုက်တက်သာ အလိုရှိပါက ယူရို သန်း ၄၀ နဲ့ ခေါ်ယူနိုင်ကြောင်း သတင်းများမှာ ပါဝင်လာပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေ ဖြစ်တဲ့ ယူနိုက်တက်၊ ချယ်ဆီးတို့နဲ့ သတင်းထွက်နေတဲ့ ဘရာဇီးသား ခံစစ်မှူး အဲလက်စ် ဆန်ဒရိုက သူ့ရဲ့ လက်ရှိ ကလပ်အသင်း ဂျူဗင်တပ်နဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ ဂျူဗင်တပ်နဲ့ ၂၀၂၃ ထိ ရှိနေဖို့ စာချုပ်သစ် လက်မှတ် ရေးထိုး လိုက်တာကြောင့် ယူနိုက်တက်ရဲ့ ဘယ်ခံ့စစ်မှူး ပစ်မှတ်တစ်ခု လွဲချော်သွားပြန်ပါပြီ။

ယူနိုက်တက်က ထုတ်ပယ်ခံလိုက်ရတဲ့ မော်ရင်ညိုကို ရီးရဲလ်မက်ဒရစ်သို့ ပြန်လည်ခေါ်ယူလိုသလား ဆိုတဲ့ မေးခွန်း ပရိသတ်တွေကို စပိန်သတင်းစာ Marca က စစ်တမ်း ကောက်ယူရာ ၃၇% နှုန်းသော ပရိသတ်တွေကသာ မော်ရင်ညိုကို ဘာနေဗျူးသို့ ပြန်ခေါ်လိုတယ်လို့ တွေ့ရကြောင်း ဒေးလီးမေးလ်သတင်းမှာ ဖော်ပြလာပါတယ်။

ဒီတပတ် အဲဗာတန်နဲ့ ရင်ဆိုင်ရမယ့်ပွဲအတွက် စပါးအသင်းမှာ ဒဏ်ရာရ ကစားသမားသစ်လဲ မရှိတဲ့အပြင် ကိန်း၊ လိုရစ်တို့ပါ ပြန်လည် ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ ဒ့ါအပြင် ဒူးဒဏ်ရာကနေ ပြန်လည် သက်သာလာနေပြီ ဖြစ်တဲ့ ဆန်းချက်ကလည်း ကြာသပတေးနဲ့ အသင်း ထရိန်နင်မှာ ပြန်လည် ပါဝင်နေတာ တွေ့ရပါတယ်။

စပါးကစားသမား အလီကို အာဆင်နယ်အသင်းအနေနဲ့ ကျေးဇူးတင်သင့်တယ်လို့ ပိုချက်တီနိုက ပြောဆိုလိုက်ပါတယ်။ အလီဟာ ပွဲချိန်အတွင်း အာဆင်နယ် ပရိတ်ဆီက ရေဗူးနဲ့ ပစ်ပေါက်တာ ခံခဲ့ရပေမယ့် ပွဲကြည့်စင်ဘက်သွားပြီး ပြန်လှန် တုန့်ပြန်တာမျိုး မလုပ်ဘဲ သူ့အလုပ်သူလုပ်ကာ ဂိုးသွင်းပြီး နိုင်ပွဲယူသွားတဲ့ အလီကို ရိုးသားပြီး ပရိုစိတ် အပြည့်အ၀ ရှိသူလို့ ပိုချက်တီနိုက ချီးကျူးလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်က ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အမ်းမရိတ်မှာ တွေ့ခဲ့တဲ့ အာဆင်နယ် စပါး လန်ဒန် ဒါဘီပွဲမှာ ကစားမားတွေချင်း အချင်းများကြတဲ့ ကိစ္စအတွက် အက်ဖ်အေက အပြစ်ပေးမှု ပြုလုပ်လာပါပြီ ဖြစ်ပါတယ်။ အာဆင်နယ် က ဒဏ်ငွေ ပေါင် ၄၅၀၀၀ နဲ့ စပါးက ပေါင် ၅၀၀၀၀ အသီးသီး ပေးဆောင်ရမှာ ဖြစ်ပါတယ်။

တံကောက်ကြော ပြဿနာ အနည်းငယ်ရှိခဲ့တဲ့ လီဗာပူးကွင်းလယ်ကစားသမားကြီး ဂျိမ်းစ်မေနာက ဒီတပတ် ၀ုဗ်နဲ့ပွဲမှာ ပြန်လည် ပါဝင်နိုင်ဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့အပတ် ယူနိုက်တက်နဲ့ပွဲမှာတည်းက မပါဝင်နိုင်ခဲ့တဲ့ မေနာက ဒီကြားရက်ထဲမှာတော့ အသင်းနဲ့ လေ့ကျင့်မှု ပြန်လည် ပြုလုပ်နေပါပြီ။

God လို့ လီဗာပူး ပရိသတ်တွေကြားမှာ လူသိများတဲ့ ဂန္ဒ၀င်ကစားသမားကြီး ရော်ဘီဖောင်လာက လီဗာပူးတိုက်စစ်မှူး ဆာလက်နဲ့ ယခင် တိုက်စစ်မှူးဟောင်း ဆွာရက်စ်တို့ဟာ ကစားသမားကောင်းတွေ ဖြစ်ကြပေမယ့် လီဗာပူး ဂန္ဒ၀င်ကစားသမားတော့ မဖြစ်သေးဘူးလို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ လက်ရှိ အသင်းမှာ ရှိနေတဲ့ ဆာလက်ကတော့ ဂန္ဒ၀င်ကစားဖြစ်ဖို့ နောက်ထပ် နှစ်အတော်ကြာ အချိန်ယူရင် ဖြစ်လာနိုင်တယ်လို့ ၄င်းက ဆိုပါတယ်။

ခြေထောက် ဒဏ်ရာ ရှိခဲ့တဲ့ လီဗာပူး လူငယ်ခံစစ်မှူး ထရန့် အလက်ဇန္ဒါးအာနိုးက Boxing Day မတိုင်ခင် ပြန်ကစားနိုင်ဦးမှာ မဟုတ်လို့ ညာခြမ်းခံစစ်နေရာမှာ ကလိုင်းက ဆက်လက် ပါဝင်ကစားဖွယ် ရှိပါတယ်။

ကာရာဘောင်း ဆီမီးဖိုင်နယ်မှာ မန်စီးတီးအသင်းနဲ့ တွေ့ဆုံနေတဲ့အပေါ် ဘာတန်အသင်း နည်းပြ Clough က – “သူတို့က အခုချိန်မှာ ဥရောပ အကောင်းဆုံးအသင်းတွေထဲ ပါပါတယ်။ သူတို့ ပြီးခဲ့တဲ့ ရာသီက လုပ်ပြခဲ့တာ ပြန်ကြည့်လိုက်ပါဦး။ အင်္ဂလန်က လိဂ် ၀မ်းက အသင်းတစ်သင်းအတွက်တော့ ကြောက်မက်ဖွယ်ပါ။” လို့ ခက်ခဲတဲ့ပြိုင်ဘက်အကြောင်း မှတ်ချက်ပေးသွားပါတယ်။

၂၀၁၉ ဇွန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ် ကုန်ဆုံးတော့မယ့် ဘရာဇီးသား ခံစစ်သမား ဒန်နီအဲလ်ဗက်က ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့လိုနေပြီး ၄င်းရဲ့ ကစားသမားဘ၀ကို အင်္ဂလန်မှာ အဆုံးသတ်ချင်နေပါတယ်။ လက်ရှိ စီးတီးနည်းပြ ပက် ဂွာဒီယိုလာက အဲလ်ဗက်ကို နှစ်သက်သူ ဖြစ်နေတာကြောင့် အဲလ်ဗက်တစ်ယောက် မန်ချက်စတာအခြေစိုက် ကလပ်ဆီ ရောက်သွားနိုင်ပါတယ်။

မန်စီးတီးရဲ့ အရန် ညာခြမ်းခံစစ်သမား ဒန်နီလို ပြန်ကစားနိုင်ပြီ ဖြစ်ပြီး ဂွာဒီယိုလာအတွက် အားတက်စရာ ဖြစ်လာပါတယ်။ ဒန်နီလို ဖြည့် မကစားနိုင်တဲ့အတွက် ၀ါလ်ကာက ကာရာဘောင်းပွဲမှာလည်း မိနစ် ၉၀ ပြည့် ပါဝင်ကစားခဲ့ပါတယ်။ ပွဲကြပ်တွေ များဦးမယ့် ကာလမှာ ဒန်နီလို ပြန်ကစားနိုင်လာတာ စီးတီးအတွက် ကျေနပ်စရာပါ။