မန်ချက်စတာယူနိုက်တက် ဂန္တဝင် နည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်က ဒီနွေရာသီ အပြောင်းအရွှေ့မှာ မန်ယူအသင်း ခေါ်ယူသင့်တဲ့ ကွင်းလယ် ကစားသမား တစ်ယောက် အမည် အကြံပြုပြောကြားထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ မန်ယူအသင်းဟာ အသင်း ဂန္တဝင် ဆာအဲလက်စ်ထံမှ ကောင်းနိုးရာရာ အကြံများ တောင်းခံနေဆဲ ဖြစ်ပါတယ်။

ဆာအဲလက်စ် ဖာဂူဆန်ဟာ မန်ချက်စတာယူနိုက်တက်ကို ၂၆ နှစ်ကျော် ကိုင်တွယ်ခဲ့တဲ့ကာလအတွင်း ဖလား ၃၈ လုံး ဆွတ်ခူးပေးနိုင်ခဲ့သူပါ။ ၄င်းက ဘောလုံး အမြင်ရှိပြီး ကစားသမားကောင်းများ ရှာဖွေရာမှာ ထက်မြက်သူလည်း ဖြစ်ပါတယ်။

ဆာအဲလက်စ်က အက်စတွန်ဗီလာ အသင်းမှ စကော့တလန်သား ကွင်းလယ်လူ ဂျွန်မက်ဂင်းကို ခေါ်ယူဖို့ မန်ယူအသင်းကို အကြံပြု တိုက်တွန်းထားပါတယ်။

အသက် ၂၄ နှစ်ရှိတဲ့ ဂျွန်မက်ဂင်းက ယူနိုက်တက်အသင်း ကွင်းလယ်မောင်းနှင်အား ပိုကောင်းလာအောင် လုပ်ပေးနိုင်လိမ့်မယ် ဆာအဲလက်စ် က ယုံကြည်နေပါတယ်။ ဂျွန်မက်ဂင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ချာလ်တန်ကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အလန်းစား ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သူပါ။

ဒီရာသီမှ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့် ရရှိထားတဲ့ ဗီလာကတော့ ဂျွန်မက်ဂင်းကို ဈေးပေါပေါနဲ့ လက်လွှတ်မှာမဟုတ်ပါဘူး။ ဂျွန်မက်ဂင်း အတွက် ပေါင် သန်း ၅၀ လောက် အလိုရှိဖွယ် ရှိပါတယ်။ ဒါပေမယ့် မန်ယူဘက်က ဆာအဲလက်စ် ကိုယ်တိုင် တိုက်တွန်းထားတဲ့ ဂျွန်မက်ဂင်းကို ခေါ်ယူဖို့ စတင်လှုပ်ရှားနေဖွယ်ရှိပါတယ်။

ဒါပေမယ့် လက်ရှိ ရာသီမှာ မန်ချက်စတာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ တခြားကစားသမားတွေ ရှိနေပါသေးတယ်။ မန်ယူအသင်းဟာ နယူးကာဆယ် ကွင်းလယ်လူ လောင်းစတပ်၊ စပို့တင်းလစ္စဘွန်း ကွင်းလယ် ဘရူနိုဖာနန်ဒက်စ်၊ လာဇီယို ကွင်းလယ် ဆာဗစ်တို့ကို ချိတ်ဆက် နေပါတယ်။

မန်ယူအသင်း အနေနဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာကို လက်လွှတ်ဖွယ် ရှိတာကြောင့် ဈေးကွက်ထဲမှာ ကွင်းလယ် ကစားသမားကောင်းများ တောက်လျောက် ချိတ်ဆက်မှုတွေ ရှိနေတာပါ။ တကယ်လို့ ရီးရဲလ်ကသာ တောင်းဆိုနေတဲ့ ပြောင်းရွှေ့ကြေး ပေးမယ်ဆိုရင် မန်ယူက ပေါ့ဘာကို ထွက်ခွာခွင့် ပြုရဖွယ် ရှိပါတယ်။

ပေါ့ဘာ နေရာမှာ အစားထိုးဖို့ စပါးကွင်းလယ်လူ အဲရစ်ဆင်ကိုလည်း စောင့်ကြည့်နေတယ်လို့ နောက်ဆုံးရ သတင်းများမှာ ဖော်ပြနေကြပါတယ်။