ချယ်ဆီးအသင်းဟာ ကလပ်အသင်းရဲ့ ဝါရင့်နောက်ခံလူ လူးဝစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ဖို့ ဆုံးဖြတ်ခဲ့ပြီလို့ သိရပါတယ်။ ချယ်ဆီးဘက်က လူးဝစ်ကို စာချုပ်သစ် ချုပ်လိုပေမယ့် 1 နှစ်သက်တမ်းပဲ တိုးလိုပြီး ကစားသမားဘက်က အနည်းဆုံး 2 နှစ်စာချုပ်ကို အလိုရှိပါတယ်။ ညိနှိုင်းမှုတွေက တိုးတက်မလာခဲ့ပဲ ချယ်ဆီးက လုပ်ခမြင့်မားတဲ့ ကစားသမားကို စာချုပ်သစ်ပေးဖို့ ရပ်ဆိုင်းလိုက်တာပါ။

စီးရီးအေကလပ် အေစီမီလန်နဲ့ ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးတို့ဟာ ဟီဂူရင်နဲ့ မိုရာတာ အလဲအထပ်ကိစ္စ စကားပြောမှု အဆင်ပြေနေတယ်လို့ သတင်းတေ ထွက်နေပါတယ်။ အေစီမီလန်ဟာ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းကို ချိုးဖောက်မှုကြောင့် အရေးယူခံရမှုတွေရှိနေပြီး ကစားသမားသစ် ခေါ်ယူဖို့ အဆင်မပြေချိန်မှာ အသင်းမှာ အထိုင်မကျတဲ့ ဟီဂူရင်အစား မိုရာတာကို ရဖို့ကို စိတ်ဝင်စားမှုတွေ ရှိနေတာပါ။

ချယ်ဆီးကွင်းလယ်လူဟောင်းကြီး အက်ဆီယန်ကတော့ ပွဲထွက်ခွင့်တွေ နည်းပါးလာခဲ့ရင် ကစားသမားတိုင်းက အသင်းကနေ ထွက်ခွာပြီး နယ်မြေသစ်ထံ စွန့်စားဖို့ ရွေးချယ်ကြတာက လုပ်ရိုးလုပ်စဉ်ဖြစ်လို့ ချယ်ဆီးခံစစ်သမား ခရစ်စတန်ဆန်ဟာ လန်ဒန်ကလပ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လာနိုင်တယ်လို့ အသင်းဟောင်းကို သတိပေးလိုက်ပါတယ်။ ဒါ့အပြင် လူငယ်ကစားသမား အိုဒွိုင်းကိုလည်း ဘွန်ဒက်လီဂါကလပ် နှစ်သင်းလောက်က ချိတ်ဆက်နေပါတယ်။

အာဆင်နယ်က စိတ်ဝင်စားနေတဲ့ ဗယ်လာဒိုးလစ် ခံစစ်သမား Calero ဟာ လက်ရှိမှာ လန်ဒန်ကို ရောက်နေပါတယ်။ ခံစစ်ပိုင်း ပြဿနာတွေကြောင့် ဇန်နဝါရီမှာ ခံစစ်သမားတွေကို အမ်မရီ ခေါ်ယူသွားမယ် သတင်းကြီးနေပြီး လန်ဒန်ကလပ်နဲ့ သတင်းတွေ ထွက်ထားတဲ့ Calero လန်ဒန်ကို ရောက်နေတယ်ဆိုတာကိုတော့ သူ့ရဲ့ အင်စတာဂရမ်အရ သိရတာပါ။

လောင်းကစားကုမ္ပဏီတွေကတော့ ချယ်ဆီးခံစစ်သမား ကာဟေး အာဆင်နယ်ထံ ပြောင်းရွှေ့နိုင်ကြောင်း ပေါက်ကြေးတွေ စတင်ဖွင့်ပေးနေပါပြီ။ ဒီအပြောင်းအရွှေ့ဟာ နှစ်ဘက်အသင်းအတွက် အကျိုးရှိမယ့် ကိစ္စဖြစ်ပြီး ကာဟေးကလည်း နောက်ထပ် လန်ဒန်တစ်သင်းကို ပြောင်းလိုစိတ်ရှိတယ်လို့ လောင်းကစားဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တွေက ညွှန်းဆိုပါတယ်။

အာဆင်နယ်နဲ့ အဲဗာတန်တို့ဟာ ဝက်ဟမ်းအသင်း လူငယ်ခံစစ်သမား အော့ဖော့တ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အသက် 20 အရွယ်ပဲရှိသေးတဲ့ ခံစစ်သမားကို မန်နေဂျာ ပယ်လီဂရီနီက သဘောမတွေ့ပေမယ့် ခံစစ်ပိုင်း ပြဿနာတွေရှိတဲ့ အာဆင်နယ်ကတော့ ရေတိုအစားထိုးမှုအတွက် သင့်လျော်မယ့်သူလို့ ယူဆနေပါတယ်။

မန်စီးတီး တိုက်စစ်မှူး ဂျီးဆုက သူခံစားနေရတဲ့ ဖိအားတွေနဲ့ ပက်သက်ပြီး ” ကမ္ဘာဖလားကို အဓိက ကစားသမားအနေနဲ့ ကျနော် သွားရောက်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဒါက ကျနော်အပေါ် သက်ရောက်မှု ရှိပါတယ်။ ကျနော် ကြောက်လည်း ကြောက်နေမိတယ်။ လူတိုင်းက ဂျီးဆုက ကမ္ဘာဖလားမှာ ဂိုးမသွင်းနိုင်ဘူးဆိုတာကို အမြဲတမ်း အမှတ်ရနေလိမ့်မယ်။ ကောင်းတာတွေ ရဖို့ရာ ကျနော် တိုးတက်လာဖို့ အမြဲတမ်း ကြိုးစားပါတယ် ” လို့ သူက ပြောပါတယ်။

မန်နေဂျာဂွာဒီယိုလာက အမှတ်ပေးဖလားကို အခြားသော ဆုဖလားတွေထက် ပိုမက်မောပါတယ်လို့ ခရစ်စမတ် အင်တာဗျူးမှာ ဖြေဆိုပါတယ်။ ” ဖလားနဲ့ ချန်ပီယံလိဂ်တွေက 6 ပွဲ၊ 7 ပွဲလောက် ကောင်းရင် ရပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ကတော့ 3 ရက်တိုင်း 1 ပွဲ ယှဉ်ပြိုင်ရတာပါ။ ဒါကြောင့် အမှတ်ပေးဖလားကို ကျနော် အကြိုက်ဆုံးပါပဲ ” လို့ ဖြေပေးပါတယ်။

အင်္ဂလန်မန်နေဂျာ ဆောက်ဂိတ်က မန်စီးတီးတိုက်စစ်သမား စတာလင်ဟာ လူမျိုးရေးခွဲခြားမှုအပေါ် တွန်းလှန်ဖို့ရာ ရဲရင့်သူတစ်ဦးလို့ ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။ အနာဂတ်မှာ လူမျိုးရေးခွဲခြားမှုလို ကိစ္စတွေဟာ ပေါ်ပေါက်လာသင့်တဲ့ ကိစ္စ မဟုတ်ကြောင်းလည်း ဆောက်ဂိတ်က ဝေဖန်ခဲ့ပါတယ်။

ယူနိုက်တက်ကစားသမား ပေါ့ဘာ၊ ဒါမီးယန်းတို့နဲ့ သတင်းကြီးတွေ ထွက်ပေါ်ထားတဲ့ ဂျူဗင်တပ်ဟာ သူတို့ရဲ့ စိတ်ဝင်စားမှုကို တိုက်စစ်မှူးလူကာကူထံ ပြောင်းလဲခဲ့ပြီလို့ သတင်းကြီးတွေ ထွက်နေပါတယ်။ တိုက်စစ်မှူး မန်ဇူကစ်နေရာမှာ အစားထိုးဖို့ရာ မန်ချက်စတာကလပ်မှာ အနာဂတ် မရေရာဘူးလို့ ထင်မြင်ချက် ပေးခံနေရတဲ့ လူကာကာကို တူရင်အခြေစိုက်ကလပ်က မျက်စိတွေ့နေတာပါ။

ယူနိုက်တက်ဟာ စီးရီးအေကလပ် ရိုးမားအသင်းက ခံစစ်သမား Kostas Manolas ကို ဂျူဗင်တပ်နဲ့အပြိုင် ကင်းထောက်နေပါတယ်။ ဂရိခံစစ်သမားဟာ လာမယ့် ဇွန်လမှာ ထွက်ခွာမယ်ဆိုရင် ပြောင်းရွှေ့ကြေး ယူရို 36 သန်း ပေးရမှာပါ။ ကစားသမားဟာ မကြာသေးခင်ကပဲ ပေါ့ဘာရဲ့ အေးဂျင့် Rino Maiola ကို သူ့ရဲ့ကိုယ်စာလှယ်အဖြစ် ပြောင်းလဲကာ ခန့်အပ်ထားပါတယ်။

The Times သတင်းစာမှာတော့ ယူနိုက်တက်ရဲ့ အဓိက အသင်းသားတစ်ဦးက အသင်း အမှူးဆောင်ချုပ် ဝုဒ်ဝတ်ကို ဖုန်းဆက်ပြီး မော်ရင်ညိုကို ရာထူးက ထုတ်ပယ်သင့်ပြီလို့ ဖုန်းဆက်ခဲ့ကြောင်း ဖော်ပြပါတယ်။ ဖုန်းဆက်တဲ့ အသင်းသားနာမည်ကို မဖော်ပြပေမယ့် အဲ့သည်နောက်မှာ ဝုဒ်ဝတ်က အမေရိကန်သူဌေးတွေကို ဖုန်းဆက်ကာ အသင်းတွင်း ပြိုကွဲနေမှုကြောင့် အတည်ပြုချက် တောင်းခံခဲ့ပြီး မော်ရင်ညိုကို ရာထူးက ချက်ခြင်း ထုတ်ပယ်ဖို့ အရေးပေါ် ဆုံးဖြတ်ခဲ့ပါတယ်။

စပါးအတွက် သတင်းဆိုးကတော့ မန်နေဂျာပိုချက်တီနိုက ဇန်နဝါရီမှာ အပြောင်းအရွှေ့ ဖြစ်နိုင်ချေကို ငြင်းဆန်လာတာပါပဲ။ သူကတော့ အသင်းလူစာရင်းက 28 ဦးအပြည့် ရှိနေပြီး ဇန်နဝါရီဈေးကွက်ကနေ ကစားသမားသစ်တွေ ခေါ်ယူဖို့ နေရာလွတ်မရှိမပါဘူးလို့ ဆိုပါတယ်။

စပါးအသင်း ကစားသမားတွေဖြစ်တဲ့ ဆစ်ဆိုခိုနဲ့ လာမယ်လာတို့ဟာ ဝေဖန်ခံရမှုတွေကို ဆက်တိုက် ရင်ဆိုင်ခဲ့ရပေမယ့် စွမ်းဆောင်ရည်ကောင်းတွေ ပြန်လည်ပြသနိုင်လို့ ရာသီဝက်အတွက် စပါးရဲ့ အတိုးတက်ဆုံး ကစားသမားတွေအဖြစ် မှတ်ချက်ပေးခံထားရတယ်။ ဒါပေမယ့်လို့ လိုရစ်ကတော့ အဆုတ်ယုတ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အနာဂတ်မှာ မာဆေးဆိုဒ်ကလပ်မှာပဲ ဆက်ရှိနေမလားဆိုတဲ့ မေးခွန်းကို ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။ လီဗာပူးနဲ့ 2022 ခုနှစ်ထိ စာချုပ်ရှိထားတဲ့ ကလော့ပ်က လူတိုင်းက အင်္ဂလန်မှာ ဆုဖလား အနိုင်မရမှုကိုပဲ အသားပေးပြောဆိုကြပြီး ဒါကလည်း အမှတ်တရားဖြစ်ကြောင်းနဲ့ 2020 နောက်ပိုင်းကို စဉ်းစားဖို့က အရမ်းဝေးနေပါသေးတယ်လို့ ပြောဆိုပါတယ်။

လီဗာပူးကွင်းလယ်လူ ချိန်ဘာလိန်ဟာ လေ့ကျင့်ရေးခန်းတွေမှာ ပြန်လည်ထူထောင်မှု ပြုလုပ်နေရာက တိုးတက်မှုအဖြစ် ကစားကွင်းထဲ ပြန်လည်ခြေချလာပါပြီ။ ဒါဟာ တိုးတက်လာမှုမှာ အားရစရာ အနေအထားဖြစ်ပေမယ့် မြက်ခင်းပြင်တွေမှာ အပြေးလေ့ကျင့်ခန်းတွေကို အနည်းဆုံး 2 လခန့် ပြုလုပ်ရဖို့ ရှိနေပါသေးတယ်။

လီဗာပူးအသင်းဟာ ဒီရာသီ ဘွန်ဒက်လီဂါမှာ တောက်ပနေတဲ့ တောင်ပံသမား သော်ဂန်ဟာဇက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ သော်ဂန်ကို ရိုးမား၊ အက်သလက်တို့ကလည်း ခေါ်ယူလိုနေပြီး ကစားသမားရဲ့ ငယ်ရွယ်တဲ့ အသက်အရွယ်နဲ့ ပြောင်းရွှေ့ကြေး ယူရို 35 သန်းဟာ တန်ဖိုးချိုတယ်လို့ လီဗာပူးဘက်က ယုံကြည်နေပါတယ်။