မန်ချက်စတာယူနိုက်တက်ဟာ လက်စတာအသင်းခံစစ်မှူး မက်ဂွဲရားကို ပေါင် ၈၀ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ပြီး ကာလရှည် ၆ နှစ်စာချုပ် ချုပ်ဆိုခဲ့သလို နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။

မက်ဂွဲရားက “ ယူနိုက်တက်လို ခမ်းနားကြီးကျယ်တဲ့ ကလပ်အသင်းနဲ့ လက်မှတ်ထိုးရတာကို ပျော်ရွှင်ပါတယ်။ လက်စတာမှာ ကျနော် တကယ်ကို ပျော်ရွှင်ခဲ့ရပေမယ့်လို့ ယူနိုက်တက်က ကျနော်ကို ခေါ်ယူလိုလာခဲ့ချိန်မှာ ဒါက မယုံနိုင်လောက်တဲ့ အခွင့်အရေးပါပဲ။ ကလပ်အသင်းရဲ့ အစီအစဉ်နဲ့ အမြင်တွေကို ကျနော် အရမ်းကို စိတ်လှုပ်ရှားခဲ့ရတယ်။ အိုလီက ဆုဖလားတွေ အနိုင်ရလိုတဲ့ ကလပ်အသင်းကို တည်ဆောက်လိုတာပါ။ ကျနော်ရဲ့ အသင်းဖော် အသစ်တွေနဲ့ တွေ့ဆုံပြီး ရာသီသစ်ကို စတင်ဖို့က မစောင့်နိုင်အောင်ပါပဲ ” လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ကွင်းလယ်လူ မာတစ်က တွဲဘက်ဖြစ်တဲ့ ပေါ့ဘာကို အသင်းမှာ ဆက်ရှိနေစေလိုပေမယ့် ပြင်သစ်သားဟာ လာမယ့်ရာသီ မန်ချက်စတာမှာ ဆက်နေဖို့ မသေချာဘူးလို့ ပြောဆိုပါတယ်။ ပေါ့ဘာဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းဖို့ သတင်းကြီးနေပြီး မနေ့က ယှဉ်ပြိုင်ကစားတဲ့ ကွင်းပိတ်ချစ်ကြည်ရေးပွဲမှာ ပါဝင်ခဲ့ပါသေးတယ်။

ယူနိုက်တက် တိုက်စစ်မှူး လူကာကူနဲ့ ဒိုင်ဘာလာတို့ရဲ့ အပြောင်းအရွှေ့ ရပ်တန့်ခဲ့ခြင်းကြောင့် ဂျူဗင်တပ်မှ တိုက်စစ်မှူး မန်ဇူကစ်ကို ခေါ်ယူဖို့ ကိစ္စကလည်း ဖြစ်နိုင်ချေ နည်းပါးခဲ့ပြီလို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပေါ့ဘာအတွက် ဂျိမ်းနဲ့ နောက်ထပ် ပေါင် ၂၇.၄ သန်းပေးမယ့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။ ယူနိုက်တက်ဘက်ကတော့ လာလီဂါကလပ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချထားပြီး နောက်ထပ် ချိတ်ဆက်မှုတွေ ရှိလာနိုင်ပါသေးတယ်။

ယူနိုက်တက်ဟာ အာဂျင်တီးနား တိုက်စစ်မှူး ဒိုင်ဘာလာကို ခေါ်ယူဖို့ကိစ္စ လုပ်ခလစာနဲ့ အေးဂျင့်ခတွေ ပေးဖို့ သဘောတူညီမှု မရခဲ့ခြင်းကြောင့် တိုက်စစ်မှူး လူကာကူအား ဂျူဗင်တပ်ထံ အလဲအထပ် ရောင်းချဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့်လို့ ယူနိုက်တက် တိုက်စစ်မှူး လူကာကူကို စီးရီးအေကလပ် အင်တာမီလန်ဘက်ကတော့ ကမ်းလှမ်းမှု အသစ် ထပ်ပေးလာမယ်လို့ သိရတယ်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ၀ိန်း ရွန်းနီဟာ ၄င်း ကစားသမားဘ၀ အနားယူပြီးရင် ကလပ်အသင်းဟောင်းထံ ပြန်လာပြီး ဆိုးရှားရဲ့ နည်းပြအဖွဲ့ထဲ ပါဝင်ခွင့် ရဖို့ ပစ်မှတ်ထားနေပါတယ်။

ယူနိုက်တက်ဟာ ကာရင်တန်မှာ ဘလက်ဘန်း ယူ-၂၃ အသင်းနဲ့ ကွင်းပိတ် ချစ်ကြည်ရေးပွဲ ကစားသွားခဲ့ပါတယ်။ ယူနိုက်တက်က ၄-၀ နဲ့ အနိုင်ရခဲ့ပြီး လင်ဂတ် (၂ ဂိုး)၊ တာဂစ်ချောင်၊ ဂရင်းဝုဒ်တို့က ဂိုးတွေသွင်းယူနိုင်ခဲ့တယ်လို့ သိရတယ်။ ဆန်းချက်နဲ့ ပေါ့ဘာလည်း ပါဝင်ကစားခဲ့ပါတယ်။

ယူနိုက်တက်ဟာ အပြောင်းအရွှေ့ ဈေးကွက်တစ်ခုအတွင်း ဂျိမ်း၊ ဘစ်ဆာကာ၊ မက်ဂွဲရားဆိုတဲ့ ဗြိတိန်ကစားသမား ၃ ဦးအထိခေါ်ယူခဲ့ပါပြီ။ ဒါဟာ ၁၉၈၉ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။

မန်ချက်စတာ စီးတီး နည်းပြ ပက်ဂွာဒီယိုလာက ဒီရာသီ ပရီးမီးယားလိဂ် ဖလားအတွက် စိန်ခေါ်နိုင်တဲ့ သူတွေ အများကြီး ရှိကြောင်း ပြောဆိုလိုက်ပြီး မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်လည်း အပါအဝင်ပါလို့ ဝန်ခံပါတယ်။