လစ်ဗာပူးလ်မှာနေရာမရ ဖြစ်နေတဲ့ အင်္ဂလန်သား နေသန်နီယယ်ကလိုင်းဟာကာဒစ်ဖ်အသင်းကို လာမယ့်ဇန်နဝါရီလမှာ အငှားနဲ့ သွားရောက်ကစားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ညာနောက်ခံလူ ကလိုင်းဟာဒဏ်ရာရရှိခဲ့ပြီးတဲ့နောက်ပိုင်း အန်ဖီးလ်မှာ နေရာမရဖြစ်ခဲ့ပြီး အသင်းကနေ ခေတ္တထွက်ခွာသွားဖို့ ခွင့်ပြုခြင်းခံရနိုင်တဲ့ ကစားသမားအဖြစ် ရေပန်းစားနေပါတယ်။ ကလိုင်းဟာ သူနဲ့အတူ ပဲလေ့စ်မှာ အလုပ်အတူတူလုပ်ခဲ့ဖူးတဲ့ နည်းပြ နေးလ်ဝါးနော့နဲ့ ပြန်လည်ပူးပေါင်းသွားဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ နောဝှစ်ခ်ျအသင်းရဲ့ ညာနောက်ခံလူ အာရွန်စ်ကို ခေါ်ယူဖို့ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့အပြိုင် စိတ်ဝင်စားလာခဲ့တယ်လို့ Mirror သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ အဆိုပါ အင်္ဂလန် ယူ-၁၉ ကစားသမားလေးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကမှ အသင်းကြီးနဲ့အတူ ပွဲထွက်ခွင့်ရရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့ လပိုင်းတွေမှာ အထင်ကြီးဖွယ်ရာ ခြေစွမ်းတွေကိုပြသ ထားနိုင်ခဲ့ပါတယ်။ နောဝှစ်ခ်ျဟာ အာရွန်စ်ကို ပေါင် (၁၅) သန်း တန်ကြေးသတ်မှတ်ထားပြီး အသင်းဆီ ပြန်အငှား မချပါကလာမယ့် ဇန်နဝါရီလထဲမှာ ရောင်းချသွားဖို့ အစီအစဉ်မရှိဘူးလို့ ပြောကြားထားပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ လာမယ့်ဇန်နဝါရီလမှာ ပီအက်စ်ဂျီကွင်းလယ်လူ အက်ဒရီယန်ရာဘီယော့ကိုကမ်းလှမ်းသွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ Paris United သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ ရာဘီယော့ဟာ လက်တလောမှာဘာစီလိုနာအသင်းနဲ့ သဘောတူညီမှုရရှိထားပြီလို့ သတင်းထွက်နေပေမယ့်လည်း ကစားသမားရဲ့ မိခင်တစ်ဖြစ်လဲ အေးဂျင့်ဖြစ်သူက လက်မှတ်ထိုးကြေး ယူရို (၁၀) သန်းကနေ ယူရို (၁၅) သန်းအထိ တောင်းဆိုထားတယ်လို့ သိရပါတယ်။ အဆိုပါပမာဏကိုစပါးအသင်းကပေးချေဖို့ အဆင်သင့်ဖြစ်နေပြီး ကစားသမားကိုလည်း တစ်နှစ်လုပ်ခလစာ ယူရို (၈) သန်းအထိ ပေးချေသွားဖို့စဉ်းစားနေတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းနဲ့ လက်စတာစီးတီးအသင်းတို့ဟာ ဗီလာရီးရဲလ်ကစားသမားလေး ဆမ်မြူရယ် ချူကွေဇီကို ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေတယ်လို့ FootballLive NG ကဖော်ပြသွားခဲ့ပါတယ်။ အဆိုပါ အသက် (၁၉) နှစ်အရွယ် နိုင်ဂျီးရီးယားသားလေးကို လာလီဂါကလပ် ဗီလာရီးရဲလ်က စာချုပ်သစ်ကမ်းလှမ်းသွားဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဆိုပါ စာချုပ်သစ်မှာတော့ ကစားသမားကို လွယ်လွယ်နဲ့ ခေါ်ယူလို့မရအောင် စာချုပ်ပါလျှော်ကြေးတွေ ထည့်သွင်းသွားမယ်လို့ သိရပါတယ်။

အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းဟာ အာဆင်နယ်အသင်းကခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ ချဲလ်ဆီး ဗဟိုခံစစ်မှူး ဂယ်ရီကာဟေးလ်ကို ကြားဖြတ်ခေါ်ယူဖို့ ကြံစည်နေတယ်လို့ Express သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟောင်း ကာဟေးလ်ဟာ လာမယ့်နွေရာသီမှာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပြီး ပုံမှန်နေရာရရှိဖို့အတွက် လာမယ့်ဇန်နဝါရီလထဲမှာ အသင်းပြောင်းရွှေ့လိုနေတာ ဖြစ်ပါတယ်။ အဆိုပါ အသက် (၃၃) နှစ်အရွယ်ကစားသမားကိုအာဆင်နယ်အသင်းက ခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်နေပေမယ့်လည်း အင်တာနဲ့ပါ သတင်းထွက်လာခဲ့တာ ဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ ဆီဗီလာတိုက်စစ်မှူး လူးဝစ်မြူရီရယ်ကိုအငှားနဲ့ ခေါ်ယူဖို့ နီးစပ်နေပြီလို့ Sportmediaset သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ အဆိုပါသတင်းအရ အေစီမီလန် အဆိုပါကိုလံဘီယာသားနဲ့ ကနဦးသဘောတူညီမှု ရရှိခဲ့ပြီးပြီလို့သိရပြီး ကလပ်အသင်းနဲ့ပဲ ဆက်လက်ဆွေးနွေးသွားဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။ ဆီဗီလာကတော့ သူတို့ရဲ့ ကစားသမားကို အပြီးသတ်ရောင်းချသွားချင်ပေမယ့်လည်း အေစီမီလန်အနေနဲ့ကတော့ လက်ရှိ ရာသီကုန်မှ ဆုံးဖြတ်သွားလိုနေတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ဟာ တူးလော့စ် ဗဟို ခံစစ်မှူးလေး တိုဒီဘို ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဥရောပ အသင်းတွေထဲမှာ ပါဝင်နေတယ်လို့ Mundo Deportivo သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ အသက် (၁၉) နှစ်အရွယ် တိုဒီဘိုဟာ လက်ရှိရာသီအကုန်မှာ လီဂူးဝမ်းကလပ် တူးလော့စ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းကနေ လာမယ့် ဇန်နဝါရီမှာကတည်းက ထွက်ခွာဖို့ ရှိနေပါတယ်။ RB လိုက်ဘ်ဇစ်၊ လေဗာကူဆင်၊ ဂျူဗင်တပ်စ် အစရှိတဲ့ ဥရောပအသင်းတွေကလည်း အဆိုပါပြင်သစ် ယူ-၂၀ ကစားသမားလေးကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချဲလ်ဆီးအနေနဲ့ သူတို့ရဲ့ ဗဟိုခံစစ်မှူး မက်ဟမ်းမဲလ်ကို ခေါ်ယူလိုပါက ပေါင်သန်း (၃၀) ပေးချေသွားရမယ်လို့ ပြောကြားခဲ့ကြောင်း The Sun ကဖော်ပြသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ခံစစ်ကြောင်းကို အင်အားဖြည့်တင်းဖို့ ကြံစည်နေတာဖြစ်ပြီး အဆိုပါ အသက် (၃၀) နှစ်အရွယ် ဂျာမန်သားကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဟမ်းမဲလ်အနေနဲ့လည်း စတန်းဖို့ဒ်ဘရစ်ခ်ျကို ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘိုင်ယန်က သူတို့ရဲ့ကစားသမားကို ဇန်နဝါရီ (၁၄) ရက်မတိုင်ခင်မှာ ကမ်းလှမ်းဖို့ သတိပေးလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချဲလ်ဆီးကြယ်ပွင့် ဟက်ဆန်အိုဒိုအီကို ပေါင်သန်း (၂၀) နဲ့ ထပ်မံကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ Sky Sports သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ ဘိုင်ယန်ဟာ ကနဦးမှာ အဆိုပါကစားသမားလေးအတွက် ပေါင်(၁၃.၅) သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ပယ်ချခံလိုက်ရတဲ့အတွက် ပြောင်းရွှေ့ကြေးအသစ်နဲ့ ကမ်းလှမ်းသွားမယ်လို့သိရပါတယ်။ချဲလ်ဆီးကတော့သူတို့ရဲ့ အသက် (၁၈) နှစ်အရွယ် ကစားသမားလေးအတွက် ပေါင် (၂၂.၅) သန်း အလိုရှိနေတယ်လို့သိရပါတယ်။အိုဒိုအီဟာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း (၁၈) လသာ ကျန်ရှိတော့တဲ့ ကစားသမားဖြစ်ပါတယ်။

လာဇီယိုအသင်းဟာ မန်ယူနောက်ခံလူ မတ်တီယိုဒါမီယန်ကို ခေါ်ယူဖို့ အဓိကပစ်မှတ်ထားနေပြီး ဒုတိယဦးစားပေးအဖြစ်ချဲလ်ဆီး နောက်ခံလူ ဇက်ပါကော်စတာကို ခေါ်ယူသွားမယ်လို့ သိရပါတယ်။ လာဇီယိုဟာ ပြီးခဲ့တဲ့ နွေရာသီမှာကတည်းက အီတလီသား ဒါမီယန်ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးပေမယ့်လည်း အဆင်မပြေဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လာမယ့် အပြောင်းအရွှေ့မှာလည်းလာဇီယိုဟာ မန်ယူမှာ နေရာမရဖြစ်နေတဲ့ ဒါမီယန်အတွက် ကမ်းလှမ်းမှုတစ်ခု ထပ်မံပြုလုပ်သွားဖွယ်ရှိပြီး အဆင်မပြေပါက ဇက်ပါကော်စတာကို ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ ဒါမီယန်ဟာ လက်ရှိရာသီမှာ မန်ယူအတွက် ပရီးမီးယားလိဂ် (၂) ပွဲသာကစားခွင့် ရရှိထားပါတယ်။

GR