လီဗာပူးဂိုးသမား အယ်လီဆန်ဟာ ပထမပိုင်းအတွင်းမှာပဲ မတော်တဆ ခြေချော်လဲခဲ့ကာ ဒဏ်ရာရခဲ့ပြီး ကွင်းထဲက ထွက်ခွာခဲ့ရပြီး ဒဏ်ရာကြောင့် ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ချယ်ဆီးနဲ့ ယူအီးအက်ဖ်စူပါဖလားပွဲမှာ ပါဝင်ခွင့်ရမှာ မဟုတ်ကြောင်း ယာဂင်ကလော့ပ်က အတည်ပြုပါတယ်။

လီဗာပူးအသင်းဟာ အပြောင်းအရွှေ့ ပိတ်သွားပြီဖြစ်ပေမယ့် လူငယ်ကစားသမားတွေကို ချန်ပီယံရှစ်ကလပ်တွေထံ အငှားလွှတ်မှုတွေ ဆက်လုပ်ဖို့ရှိနေပါတယ်။ အကယ်ဒမီ လူငယ်ကစားသမားတွေကို ဆက်သွယ်လာတဲ့ ကလပ်အသင်းတွေနဲ့ ညိနှိုင်းမှုတွေ လုပ်နေဆဲဖြစ်ပါတယ်။

လီဗာပူး ကစားသမားဟောင်းကြီး ဂျင်မီကာရေဂါက ၄င်းကလပ်အသင်းဟောင်းဟာ ခံစစ် အနေအထား မနှစ်ကကဲ့သို့ အကောင်းဆုံး ပုံစံမှာ ရှိမနေဘဲ ဂရုစိုက် ပြင်ဆင်သင့်ကြောင်း နောဝစ်ခ်ျနဲ့ ပွဲ အပြီးမှာ ထောက်ပြ ဆွေးနွေးခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ရာသီကြို ပွဲတွေမှာလည်း clean sheet ရဖို့ ရုန်းကန်နေခဲ့ရပြီး ခံစစ်က ယခင်လို အပြည့်အ၀ တောင့်တင်းမှု မရှိနေတာ အမှန်ပါ။

လီဗာပူးဂိုးသမား အယ်လီဆန်ရဲ့ ဒဏ်ရာဟာ သီတင်းပတ် ၃ ပတ်ကနေ ၆ ပတ်အထိ အနားယူရနိုင်တယ်လို့ သိရပါတယ်။ အမြင့်ဆုံး အနားယူရမယ့် အချိန်ထိ ရောက်ခဲ့မယ်ဆိုရင်တော့ စက်တင်ဘာလမှ ဘောလုံး ပြန်ကစားနိုင်တော့မှာပါ။

လီဗာပူးခံစစ်မှူး လိုဗရန်ဟာ အီတလီကလပ် ရိုးမားအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စ စကားပြောနေတယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့ဟာ ပေါင် ၁၇ သန်း ဝန်းကျင်နဲ့ ပြီးမြောက်နိုင်တယ်လို့လည်း သိရပါတယ်။

လီဗာပူးအသင်းဟာ အသင်းရဲ့ အရန်ဂိုးသမားနေရာကို အင်အားဖြည့်ဖို့ ဈေးကွက်ထဲမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမားမျိုးကို စတင်ကာ ရှာဖွေနေပြီဖြစ်ပါတယ်။

နော်ဝစ်နဲ့ ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ လီဗာပူးရဲ့ ခံစစ်ပိုင်းကို ဝေဖန်မှုတွေ များနေပေမယ့် ကလပ်အသင်းခေါင်းဆောင် ဟန်ဒါဆန်ကတော့ ရာသီအဖွင့်ပွဲမှာ သွင်းဂိုးတွေ အများအပြား ရခဲ့ပေမယ့် ဒုတိယပိုင်းမှာ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိတာကို ဝန်ခံတယ်။ ဒါပေမယ့်လည်း ကလပ်အသင်းဟာ ခံစစ်ပိုင်းကစလို နေရာစုံမှာ တိုးတက်လာနိုင်သေးကြောင်း ပြောဆိုလိုက်ပါတယ်။

လီဗာပူးမန်နေဂျာယာဂင်ကလော့ပ်ဟာ ကလပ်အသင်း ကစားသမားတွေအား နာမည်ကျော် ‘This is Anfield’ အမှတ်အသားကို ပြန်ထိခွင့်ပေးခဲ့ပြီလို့ ယူဆရပြီး ဒီကနေ့ အသင်းရဲ့ တွစ်တာအကောင့်ကနေ ယာဂင်ကလော့ပ် TIA ကို ထိနေတဲ့ အမှတ်အသားကို ကာတွန်းရေးဆွဲပေးသွားပါတယ်။

လီဗာပူးကစားသမားဟောင်း ကာရေဂါက အသင်းဟောင်းဟာ ဒီရာသီမှာလည်း မန်စီးတီးနဲ့အပြိုင် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်လိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ သူကပဲ မန်နေဂျာယာဂင်ကလော့ပ်ဟာ အက်ဖ်အေဖလားလို ပြည်တွင်းဖလားတစ်လုံးလောက်ကိုလည်း အနိုင်ရလိမ့်မယ်လို့ ဆိုသွားပါတယ်။