ဒီမနက်က ယှဉ်ပြိုင်သွားတဲ့ ယူနိုက်တက် ယူ-၂၃ နဲ့ ဝက်ဘရွန်း ယူ-၂၃ အသင်းတို့ပွဲမှာ လူငယ်ကစားသမားတွေဖြစ်တဲ့ ဂိုးမက်စ်၊ ဂရင်းဝုဒ်နဲ့ နဲ့ တာဟစ်ချောင်တို့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ မန်နေဂျာဆိုးရှားဟာ ချယ်ဆီးနဲ့ပွဲ လူစာရင်းမှာ နေရာပေးဖို့ မထည့်ခဲ့တာဆိုတဲ့ သုံးသပ်မှုတွေ ကျယ်ပြန့်နေပါတယ်။

ယူနိုက်တက်နဲ့ အာဆင်နယ်တို့က စိတ်ဝင်စားမှုတွေ ရှိထားခဲ့တဲ့ အေဂျက်ကွင်းလယ်လူ ဇီယက်ဟာ နယ်သာလန်ကလပ်မှာ ၂၀၂၂ ခုနှစ်ထိ ဆက်ရှိနေမယ့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားခဲ့ပြီဖြစ်ပါတယ်။

အပြောင်းအရွှေ့ ပိတ်ခါနီးမှာ ကစားသမား ထပ်မံ မခေါ်ယူတာအတွက် ပရိသတ်များက မကျေမချမ်း ဖြစ်နေကြသော်လည်း ယူနိုက်တက် နည်းပြ ဆိုးရှားက ဒီနွေမှာ အပြောင်းအရွှေ့ ကိစ္စရပ်များအတွက် ကျေနပ်ပျော်ရွှင်နေကြောင်း ပြောဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ် နာမည်ကျော် မန်နေဂျာဟောင်း မော်ရင်ညိုဟာ Sky Sports ရုပ်သံရဲ့ အဖွဲ့သားတစ်ဦးအဖြစ် အင်္ဂလန်ဘောလုံးလောကထဲ ပြန်လည် ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ အင်္ဂလန်ပြည်တွင်းလိဂ်ရဲ့ အဝတ်လဲခန်းပေါင်းများစွာကို သွားရောက်ခဲ့ပြီး ချယ်ဆီး၊ ယူနိုက်တက်တို့မှာ ကြွယ်ဝတဲ့ အတွေ့အကြုံကောင်းတွေရှိတဲ့ မော်ရင်ညိုဟာ Sky Sports စတူဒီယိုကနေပြီး အားကစား သုံးသပ်သူတစ်ဦးအဖြစ် တာဝန်ယူသွားတော့မှာပါ။

စီးရီးအေကလပ် ရိုးမားအသင်းဟာ ယူနိုက်တက် တိုက်စစ်မှူး ဆန်းချက်ဇ်ကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ မန်ချက်စတာကလပ် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပါတယ်။ အသက် ၃၀ အရွယ်တိုက်စစ်သမားဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံစုပေါင်း ၄၅ ပွဲသာ ကစားခွင့်ရထားသလို ၅ ဂိုးပဲ သွင်းယူထားနိုင်ပါတယ်။

ဂယ်ရီနဗီးကတော့ နွေအပြောင်းမှာ ယူနိုက်တက်က ကစားသမား အများအပြား ရောင်းထုတ်ခဲ့ခြင်း မရှိခြင်းကို အားသာချက်တစ်ခုလို့ မြင်နေပါတယ်။ လက်ရှိ လူစာရင်းမှာ မန်နေဂျာဆိုးရှား အလိုမရှိပဲ ရောင်းထုတ်လိုတဲ့ ကစားသမားက အနည်းငယ်ပဲရှိမယ်လို့ သူက ဆိုသွားပါတယ်။

ယူနိုက်တက်ခံစစ်မှူး တွမ်ဇီဘီဟာ ကလပ်အသင်းမန်နေဂျာ ဆိုးရှားနဲ့ သီးသန့်တွေ့ဆုံ စကားပြောမှု လုပ်ခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးမှုအရတော့ သူ့ကို ယူနိုက်တက်က အငှားချခြင်းနဲ့ ရောင်းထုတ်ခြင်းတွေ ပြုလုပ်မှာ မဟုတ်ပဲ အနာဂတ်အတွက် ရည်ရွယ်ပြီး လူစာရင်းထဲ ဆက်ထားမယ်လို့ သိရပါတယ်။