စက်တင်ဘာလထဲ အီးတီဟက်မှာ စီးတီးအသင်းခေါင်းဆောင်ဟောင်း ကွန်ပနီရဲ့ အမှတ်တရ ဘောလုံးပွဲစဉ် ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပြီး ဂွာဒီယိုလာနဲ့ မာတီနက်ဇ်တို့က နှစ်ဘက်အသင်းတွေကို တာဝန်ယူ ဦးဆောင်နည်းပြမှာ ဖြစ်ပါတယ်။

ကွန်ပနီက မန်စီးတီးအသင်းရဲ့ အသက်ဝိဥာဉ် အဖြစ် ဆယ်စုနှစ် တစ်ခုကြာ ကိုယ်စားပြု တည်ရှိခဲ့သူ ဖြစ်တယ်လို့ ဂွာဒီယိုလာက အမှတ်တရ စကား ဆိုခဲ့ပါတယ်။

စပိန်ကလပ် Real Valladolid က မန်စီးတီး ခံစစ်မှူး ပက်ဒရိုပေါ်ရိုကို အငှား ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေငြာလိုက်ပါတယ်။ စီးတီးဟာ ပေါ်ရိုကို ဂျီရိုနာကလပ်ကနေ ယူရို ၁၂ သန်းနဲ့ ခေါ်ယူခဲ့ပြီး ရက်ပိုင်း အကြာမှာပဲ အငှားပြန် စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

နာမည်ကျော် ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ နည်းပြဟောင်း မော်ရင်ညိုက မန်စီးတီးရဲ့ ပထမပွဲထွက်အသင်းရော အရန် အသင်းကပါ အင်အားတောင့်တင်းလွန်းပြီး နှစ်သင်းလုံးက ချန်ပီယံ စိန်ခေါ်နိုင်တဲ့ အသင်းတွေလို့ မှတ်ချက်ပြုလိုက်ပါတယ်။

ဥရောပဘောလုံးလောကရဲ့ အကောင်းဆုံး တစ်ဦးချင်းဆုတံဆိပ် ဆန်ကာတင် ရွေးချယ်မှုတွေမှာ မန်စီးတီး အသင်းသားတွေကို မြင်တွေ့ရမှု နည်းပါးခြင်းက မန်စီးတီးဟာ တစ်ဦးချင်းထက် အသင်းလိုက် ကစားဟန်မှာ ပိုထူးချွန်ခြင်းကြောင့်လို့ စီးတီး ခံစစ်မှူးဟောင်း လက်စ်ကော့က သုံးသပ်ပြောဆိုပါတယ်။

ဝက်စ်ဟမ်းနဲ့ ပွဲမှာ မန်စီးတီး တိုက်စစ်သမား မာရက်ဇ်က အထူးခြေစွမ်းပြခဲ့ပြီး ၄င်းရဲ့ နဂို ပုံစံကောင်းများ ပြန်ရလာဟန်ရှိကာ ပရိသတ်များ အထူး ချီးကျူးခြင်း ခံခဲ့ရပါတယ်။

မန်စီးတီးမှာ ကစားခွင့် သိပ်မရလှတဲ့ ပြင်သစ်သား ဗဟိုခံစစ်မှူး မန်ဂါလာဟာ ဗလင်စီယာအသင်းထံ အငှားထွက် သွားပြီ ဖြစ်ပါတယ်။ ၄င်းရဲ့ စီးတီးနဲ့ စာချုပ်က ၂၀၂၀ ဇွန်မှာ ကုန်ဆုံးတော့မှာ ဖြစ်လို့ အီးတီဟက်ကို အပြီး နှုတ်ဆက်သွားဖွယ် ရှိပါတယ်။

ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်ဟာ မန်စီးတီးတောင်ပံသမား ဆာနေးကို ခေါ်ယူဖို့ ကြိုးစားမှု မအောင်မြင်တဲ့နောက် ရီးရဲလ်မက်ဒရစ်မှ ဂါရတ်ဘေလ်းကို ခေါ်ယူဖို့ ပြောင်းလဲ ဦးတည်လာနေခဲ့ပြီလို့ သိရပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ထိပ်သီးပိုင်းမှာ တစ်ပြေးနေဦးမယ့် မန်စီးတီးနဲ့ လီဗာပူး နှစ်သင်း ခြေစွမ်းကို ၀ီရှိုင်းယားက နှိုင်းယှဉ်မှုများ ပြုလုပ်သွားပါတယ်။

” မန်စီးတီးက လက်ရှိ ချန်ပီယံ ဖြစ်လို့ ပိုသာတယ် ပြောရမယ် ဆိုရင် လီဗာပူးကလည်း ဥရောပ ချန်ပီယံပါ။ သူတို့က မနှစ်က အကောင်းဆုံး နှစ်သင်း ဖြစ်တယ်။ မန်စီးတီးက ကစားသမားသစ် ထပ်ဖြည့်မှုတွေ ရှိထားတယ်။ လီဗာပူးကတော့ မရှိဘူး။ ဒါပေမယ့် လီဗာပူး လူစာရင်းကလည်း တောင့်တင်းပါတယ်။ သူတို့နဲ့ ရင်ဆိုင်ရတဲ့ ဘယ်အသင်းမဆို လွယ်ကူမှာ မဟုတ်ဘူး။ ” လို့ ၀ီရှိုင်းယားက သုံးသပ်ခဲ့ပြီး ထို နှစ်သင်းရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု ဒီရာသီမှာလည်း ဆက်မြင်ရဖို့ မျှော်လင့်နေပါတယ်။