ချယ်ဆီး လက်လွှတ်လိုက်ရတဲ့ ဒေးဗစ်လူးဝစ်ဟာ ဘောလုံးနဲ့ အတူ ကစားတတ်တဲ့ အကောင်းဆုံး ခံစစ်မှူး ဖြစ်တယ်လို့ ပေါမာဆန်က ဖရန့်လမ်းပတ်ကို သတိပေးစကားဆိုလိုက်ပါတယ်။ လူးဝစ် ပြိုင်ဘက် အသင်းဆီ ထွက်သွားတာက ချယ်ဆီးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ ၄င်းက ဆိုတာပါ။

ချယ်ဆီးကစားသမားဟောင်း မာရီယို မယ်ချီရော့ က လက်ရှိနည်းပြ လမ်းပတ်ဟာ ပွဲဦးထွက် အိုးထရက်ဖို့ဒ်မှာ ရှုံးပွဲ တွေ့လိုက်တာနဲ့ အပြစ်တင်ခံ အဝေဖန်ခံဖို့ မထိုက်တန်သေးဘူးလို့ ယူဆကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ချယ်ဆီး မန်နေဂျာဟောင်း မော်ရင်ညိုက ယူနိုက်တက်နဲ့ ပွဲမှာ ပွဲထွက်ကစားခဲ့တဲ့ မေဆန်မောင့်နဲ့ အေဗရာဟမ် တို့ကို ဝေဖန်မှု ပြုလုပ် လိုက်သောလည်း ချယ်ဆီးအသင်းခေါင်းဆောင် ကွီတာကတော့ ၄င်းတို့ နှစ်ဦးလုံးက ပွဲကစားခွင့်နဲ့ ထိုက်တန်တဲ့သူတွေ ဖြစ်ကြောင်း ကာကွယ်ပြောဆိုလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ လီဗာပူးနဲ့ ယူအီးအက်ဖ်အေ စူပါဖလား ယှဉ်ပြိုင်ဖို့ တူရကီမြေကို ခြေချခဲ့ပြီဖြစ်ပါတယ်။ မန်နေဂျာလမ်းပတ်ဟာ ပိုကောင်းတဲ့ စုဖွဲ့မှုကို ဖွဲ့စည်းနိုင်ဖို့ ရှေ့ဆက် ကြိုးစားရမှာဖြစ်ပြီး သီတင်းပတ်အကုန်မှာ ပရီးမီးယားလိဂ်ပွဲ ကစားရဖို့ ရှိနေသေးတာကြောင့် စူပါဖလားပွဲမှာ အပြောင်းအလဲတွေ ပြုလုပ်လာနိုင်ပါတယ်။

တူရကီကလပ် ဂါလာတာစာရေးအသင်း တာဝန်ရှိသူများဟာ လန်ဒန်သို့ ရောက်ရှိနေပြီး စပါးကွင်းလယ်ကစားသမား ၀မ်ယာမာ နဲ့ ချယ်ဆီးမှ ဘာကိုယိုကို ခေါ်ယူဖို့ ကိစ္စရပ်များ တွန်းအားပေးနေတယ်လို့ Goal သတင်းမှာ ဖော်ပြလာပါတယ်။

ချယ်ဆီးနည်းပြ လမ်းပတ်က ကစားသမား ပြန်လည်ခေါ်ယူခွင့်ရရင် လက်စတာ ခံစစ်မှူး ဘန် ချေးဝဲလ်ကို ပေါင် သန်း ၇၀ နဲ့ ခေါ်ယူမှု ပြုလုပ်ရန် ကြံရွယ်နေပါတယ်။