မန်ယူအသင်း ခံစစ်မှူးဟောင်း ဂယ်ရီနဗီးလ်က မန်ချက်စတာယူနိုက်တက်ဟာ သိပ်မဝေးတော့တဲ အနာဂတ်မှာ ပြိုင်ဘက်တွေ အင်အားနည်းချိန် နဲ့ အကိုက် အခွင့်ကောင်း ယူရန် ပြင်ဆင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

နဗီးလ်က ဂွါဒီယိုလာဟာ မန်စီးတီးအသင်းကို စွန့်ခွာသွားမှာဖြစ်ပြီး လီဗာပူးအသင်းအနေနဲ့လည်း သူတို့ရဲ့အဓိက တိုက်စစ်ကစားသမား ဆာလာကို လက်လွှတ်ခံရဖို့ အလားအလာတွေ ရှိနေတယ်လို့ အသင်းဟောင်းကို သတိပေး တွန်းအားပေးလိုက်တာပါ။

မန်ယူက ဒီရာသီ ပွဲဦးထွက်မှာ ချယ်ဆီးကို လေးဂိုးပြတ် အနိုင်ယူပြီး အဖွင့်လှထားတာ ဖြစ်ကာ ထိုပွဲပြီးတဲ့နောက် နဗီးလ်က မန်ယူအသင်း ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုအတွက် အခွင့်ကောင်းယူရမယ့် အချိန်နဲ့ပတ်သက်ပြီး သုံးသပ်ပြောကြားမှုများ ပြုလုပ်သွားခဲ့တာလည်း ဖြစ်ပါတယ်။

” မန်ယူက အသင်းကို တစ်ဆင့်ချင်း တည်ဆောက်သွားရမှာပါ။ အချိန်အတိုင်းအတာတစ်ခုတော့ တော်တော်လေး စောင့်ရပါမယ်။ အသင်း အနေနဲ့ အပြောင်းအရွှေ့နှစ်ခုစာလောက် အမှားအယွင်းတွေ ပြုလုပ်ခဲ့တာကြောင့် အခုက စလို့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်တယ်။ ”

” ဒီနွေ အပြောင်းအရွှေ့ကတော့ တော်တော်လေး ကျစ်ကျစ်လစ်လစ် ဖြစ်ခဲ့တယ်ပြောရမှာပါ။ မန်ယူအသင်း အနေနဲ့ လာမယ့်ဆောင်းရာသီမှာ လူထပ်ခေါ်နိုင်သလို နောက်နွေရာသီမှာလည်း နှစ်ယောက် သုံးယောက်လောက်ခေါ်ပြီး လိုချင်တဲ့လမ်းကြောင်းကို ဖြည်းဖြည်းချင်း တည်ဆောက် သွားရမယ်။ အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်ဖို့ အရည်အချင်းရှိတဲ့ ကစားသမားတွေလည်း အသင်းမှာရှိဖို့ လိုအပ်ပါတယ်။ ”

” ဒါတွေကလည်း အရမ်းတော့ အဝေးကြီး မလိုတော့ပါဘူး။ ဂွာဒီယိုလာက လာမယ့် ရာသီအနည်းငယ်အတွင်း မန်စီးတီးအသင်းကို စွန့်ခွာမှာပဲ။ လီဗာပူးနည်းပြယာဂင်ကလော့ပ်အနေနဲ့လည်း ဆာလက် ဒါမှမဟုတ် တခြားအဓိက ကစားသမား တစ်ယောက်ယောက်ကို ဆုံးရှုံးရဖို့ ရှိနေပါတယ်။ အဲ့ဒီအချိန်ကျရင် မန်ယူအသင်းအနေနဲ့ ချန်ပီယံဆုကို စိန်ခေါ်သူစာရင်းအတွက် အဆင်သင့်ဖြစ်နေဖို့ လိုအပ်တယ်။ ” လို့ နဗီးက သုံးသပ် သတိပေးခဲ့တာ ဖြစ်ပါတယ်။

မန်ယူ အသင်းဟာ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားပြီးနောက်ပိုင်း ပရီးမီးယားလိဂ် ဖလားနဲ့ ဝေးကွာနေခဲ့တာဖြစ်ပြီး ဒီနှစ်ပိုင်းတွေမှာတော ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ ရုန်းကန်လာခဲ့ရပါတယ်။

ဒါပေမယ့် ကစားသမားသစ်တွေနဲ့ ဆိုးရှား အရှိန်ရသွားရင် မန်ယူအသင်း ပြန်တက်လာနိုင်ပြီး နဗီးပြောသလို ပြိုင်ဘက်တွေ အကျမှာ အခွင့်ကောင်း ယူနိုင်မလား စောင့်ကြည့်ရမှာပါ။