လစ်ဗာပူးလ်အသင်းဟာ လက်ရှိဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းရဲ့တိုက်စစ်ကစားသမား အဒမ်လယ်လာနာကို အငှားစေလွတ်သွားမှာ မဟုတ်ဘူးလို့ Sky Sports သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ လယ်လာနာဟာ မကြာသေးမီအချိန်ကမှဒဏ်ရာပြဿနာကနေ ရုန်းထလာနိုင်ခဲ့သူဖြစ်ပြီး တူရကီကလပ် ဖီနာဘာချီအသင်းက စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က လယ်လာနာကို ပထမအသင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ထားတာကြောင့်အသင်းကနေ ထွက်ခွာဖို့ ခွင့်ပြုသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ ၄င်းတို့ရဲ့ လူငယ်ကစားသမား ဟက်ဆန်အိုဒိုအီကို ထိန်းသိမ်းထားချင်ပေမယ့်လည်း ဘိုင်ယန်မြူးနစ်ကို လက်လွတ်ရဖို့ နီးစပ်နေပြီလို့ Goal သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ ဘိုင်ယန်ဟာ အိုဒိုအီအတွက် ပေါင်သန်း (၃၀) ဝန်းကျင်နဲ့ ကမ်းလှမ်းသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အသက်(၁၈) နှစ်အရွယ် ကစားသမားအနေနဲ့ကလည်း ဘွန်ဒက်လီဂါထိပ်သီးကလပ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ချပြီးသွားပြီလို့ The Sun ကပါ ဖော်ပြထားပါတယ်။ ချဲလ်ဆီးဟာ ဘိုင်ယန်ဆီက ကမ်းလှမ်းမှုနှစ်ကြိမ်သုံးကြိမ်ပယ်ချခဲ့ပေမယ့်လည်း ကစားသမားကပါ ပြောင်းရွှေ့ဖို့ အလိုရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

မန်စီးတီး လူငယ်ကစားသမားလေး ဘရာဟင်ဒိုင်းယက်ဇ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ပေါင် (၁၅) သန်းဝန်းကျင်နဲ့ပြောင်းရွှေ့ဖို့နီးစပ်နေပြီလို့ Goal သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ဒိုင်းယက်ဇ်ဟာ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့ခွင့်ရဖို့ မန်စီးတီးရဲ့စာချုပ်သစ် ကမ်းလှမ်းတွေကို တစ်ကြိမ်ထက်မက ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ ဒိုင်းယက်ဇ်ဟာမန်စီးတီးမှာ ပုံမှန်နေရာ ရရှိဖို့ ရုန်းကန်နေရတာကြောင့် အသင်းပြောင်းရွှေ့လိုနေတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အက်သလက်တီကို ခံစစ်မှူး ဒီယေဂိုဂေါ်ဒင်ဟာ ရာသီကုန်နွေရာသီအပြောင်းအရွှေ့မှာ အင်တာမီလန်အသင်းကိုပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ Sky Italia ကဖော်ပြသွားခဲ့ပါတယ်။ အသက် (၃၂) နှစ်အရွယ် ဥရုဂွေးသားခံစစ်မှူးရဲ့ လက်ရှိစာချုပ်ဟာရာသီအကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပြီး အင်တာမီလန်နဲ့ (၂) နှစ်စာချုပ်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အက်သလက်တီကို အနေနဲ့ အဆိုပါ ဥရုဂွေးသား ဝါရင့်ခံစစ်မှူးကို အသင်းမှာပဲ ထိန်းသိမ်းသွားလိုပေမယ့် ဂေါ်ဒင်ကတော့ စီးရီးအေကို ပြောင်းရွှေ့ဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။

ရိန်းဂျားစ်နည်းပြ စတီဗင်ဂျရတ်ဟာ အသင်းဟောင်း လစ်ဗာပူးလ်ရဲ့ လူငယ်ဂိုးသမားတစ်ဦးဖြစ်သူ ကာမီးလ် ဂရာဘာရာကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ Express သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ နည်းပြဂျရတ်ဟာ လက်ရှိသူ့အသင်းရဲ့ ပင်တိုင်ဂိုးသမား အလန်မက်ဂရေဂေါ်ရဲ့ နောက်မှာ အရန်ဂိုးသမားအလုံအလောက်ရှိနေပေမယ့်လည်း အသင်းဟောင်းရဲ့ လူငယ်ဂိုးသမားလေးကို အထင်ကြီးနေတာပဲ ဖြစ်ပါတယ်။ ဂရာဘာရာဟာ လက်ရှိအချိန်အထိ လစ်ဗာပူးလ်နဲ့ စီနီယာပွဲထွက်ခွင့်မရရှိသေးပေမယ့်လည်း အန်ဖီးလ်ရဲ့ ထွန်းတောက်လာမယ့် ကစားသမားအဖြစ် သတ်မှတ်ခြင်းခံထားရသူ ဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းဟာ အေစီမီလန် ကြယ်ပွင့် ဖရန့်ကက်စီကို ခေါ်ယူဖို့အတွက် အပြိုင်ကြိုးစားသွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ Calciomercato သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ အသက် (၂၂) နှစ်အရွယ် အိုင်ဗရီကို့စ်ကြယ်ပွင့်ဟာ အေစီမီလန်ရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်လာပေမယ့်လည်း ဥရောပဘဏ္ဌာရေးစည်းမျဉ်းကြောင့် အေစီမီလန်အနေနဲ့ ရောင်းချသွားနိုင်တယ်လို့ သိရပါတယ်။ ကက်စီကို တရုတ်ကလပ် ဘေဂျင်းဂိုအန်ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပြီးအေစီမီလန်ကတော့ ၄င်းတို့ရဲ့ ကစားသမားအတွက် ယူရို (၄၅) သန်းရရှိသွားလိုတယ်လို့ သိရပါတယ်။

ဝက်စ်ဟမ်း ကွင်းလယ်ကစားသမားလေး ရိစ်အောက်စ်ဖို့ဒ်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့အတွက် လာမယ့်နွေရာသီအထိ စောင့်ဆိုင်းသွားချင်သေးတယ်လို့ Mirror သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ဝက်စ်ဟမ်းအနေနဲ့ကလည်း ၄င်းတို့ရဲ့ အသက် (၂၀) နှစ်အရွယ် ကစားသမားလေးကို ဂျာမနီနဲ့ အင်္ဂလန်ကလပ်အသင်းတွေ စိတ်ဝင်စားနေတယ်လို့ သတင်းရရှိကတည်းက ရောင်းချသွားလိုနေတယ်လို့ သိရပါတယ်။ အာဆင်နယ်အနေနဲ့ အောက်စ်ဖို့ဒ်ကိုခေါ်ယူဖို့ မျက်စိကျနေပေမယ့်လည်း ရာသီကုန်အထိ စောင့်ဆိုင်းသွားရနိုင်တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ မိုရာတာကို အေစီမီလန်အသင်းဆီ အငှားချဖို့ နီးစပ်နေပြီး အပြန်အလှန်အားဖြင့် ဟီဂွာအင်ဟာလည်းချဲလ်ဆီးကို ပြောင်းရွှေ့လာမယ်လို့ The Sun သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။ မိုရာတာဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ပုံမှန်နေရာမရဖြစ်နေပြီး နည်းပြဆာရီအနေနဲ့ကလည်း သူ့ရဲ့တိုက်စစ်မှူးဟောင်း ဟီဂွာအင်နဲ့ ပြန်လည်ပူးပေါင်းသွားလိုနေတယ်လို့ သိရပါတယ်။ ဟီဂွာအင်ရဲ့ မိခင်ကလပ်ဖြစ်တဲ့ ဂျူဗင်တပ်စ်အနေနဲ့ကတော့ စာချုပ်ကိုဖျက်သိမ်းပေးရဖွယ်ရှိနေပါတယ်။ ဟီရွာအင်ဟာ ချဲလ်ဆီးကိုကနဦးမှာ အငှားနဲ့လာရောက်ကစားမှာဖြစ်ပြီး အပြီးသတ်ဝယ်ယူခွင့်ပါ စာချုပ်မှာ ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

Sky Sports ရဲ့ဖော်ပြချက်အရ တရုတ်စူပါလိဂ်ကလပ် ဘေကျင်းဂိုအန်ဟာ တော့တင်ဟမ်ကွင်းလယ်လူ မောက်ဆာဒမ်ဘီလီကို ခေါ်ယူဖို့ ချဉ်းကပ်နေတယ်လို့ သိရပါတယ်။ ဒမ်ဘီလီရဲ့ စာချုပ်ဟာ လက်ရှိရာသီအကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် ဇန်နဝါရီလထဲမှာပဲ တရုတ်ပြည်ကို ပြောင်းရွှေ့သွားနိုင်တယ်လို့ သိရပါတယ်။ ဒမ်ဘီလီဟာ လက်ရှိစပါးရဲ့ ကွင်းလယ်မှာ ဟယ်ရီဝင့်ခ်၊ ဆစ်ဆိုကိုနဲ့ အဲရစ်ဒိုင်ယာတို့ရှိနေတာကြောင့် ပုံမှန်ပွဲထွက်ခွင့်နဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လာမယ့်နွေရာသီမှာတော့ ပီအက်စ်ဂျီကွင်းလယ်လူ အက်ဒရီယန်ရာဘီယော့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ Calciomercato သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ အသက် (၂၃)နှစ်အရွယ်ပြင်သစ်သား ရာဘီယော့ဟာ ဘာစီလိုနာဆီကနေ လက်မှတ်ထိုးကြေး ယူရို (၁၀) သန်းရရှိသွားမှာဖြစ်ပြီး ကတ္တလန်ထိပ်သီးကလပ်နဲ့(၅) နှစ် စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ရာဘီယော့ဟာ တစ်ပတ်လုပ်ခလစာအနေနဲ့လည်း ပေါင် (၁၇၀၀၀၀) ခန့်ရရှိသွားမယ်လို့ သိရပါတယ်။