အာဆင်နယ်အသင်းဟာ ဘရာဇီးလက်ရွေးစင်အသင်းရဲ့ နည်းစနစ် တာဝန်ခံ Edu Gaspar ကို အသင်းရဲ့ ဘောလုံးဒါရိုက်တာ ရာထူးအနေနဲ့ လာရောက်လုပ်ကိုင်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ Glob Esporte သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ အသက်(၄၀) နှစ်အရွယ် Edu Gaspar ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ အာဆင်နယ်အသင်းအတွက် ကစားပေးခဲ့ဖူးတဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေဟာ နည်းပြအူနိုင်းအမ်မရီနဲ့ အတူလာရောက် လက်တွဲဖို့ ကမ်းလမ်းခဲ့တာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ကယ်ရင်ဘန်ဇီမာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Mirror သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ အသက် (၃၁) နှစ်အရွယ် ဘန်ဇီမာဟာလက်ရှိရာသီမှာ လာလီဂါ (၁၈)ပွဲကစားထားရာမှာတော့ သွင်းဂိုး (၇) ဂိုးရရှိထားပြီး ဂိုးဖန်တီးမှု (၃) ကြိမ်ပြုလုပ်ထားပါတယ်။ အင်တာနက်လောင်းကစားဒိုင်အချို့ဟာ ဘန်ဇီမာအနေနဲ့ ချဲလ်ဆီးကို ရောက်မရောက် လောင်းကြေးဖွင့်ထားပြီးပြီဖြစ်တယ်လို့ သိရပါတယ်။ ချဲလ်ဆီးဟာ ဆီဗီလာကို ရောက်ရှိဖို့ ရေပန်းစားနေတဲ့စပိန်သား တိုက်စစ်မှူး မိုရာတာရဲ့နေရာမှာ ဘန်ဇီမာနဲ့ အစားထိုးသွားလိုနေတာပဲ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဝါရင့်တောင်ပံကစားသမား အာဂျန်ရော်ဘန်ကို စီးရီးအေကလပ် အင်တာမီလန်နဲ့ နယ်သာလန်ကလပ် ပီအက်စ်ဗွီအသင်းတို့က ချိတ်ဆက်နေတယ်လို့ Goal သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း နယ်သာလန်သားကြီး ရော်ဘန်ကတော့ သူ့ရဲ့အနာဂတ်အတွက် ဆုံးဖြတ်ချက်ချခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ရော်ဘန်ဟာ ဘိုင်ယန်အတွက်(၁၀) နှစ်ကြာ ကစားပေးခဲ့ပြီးတဲ့နောက်မှာတော့ လက်ရှိရာသီအကုန်မှာ ဂျာမန်ထိပ်သီးကလပ်ကနေ ထွက်ခွာသွားတော့မှာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာကွင်းလယ်လူ ဒန်းနစ်ဆွာရက်ဇ်အနေနဲ့ အာဆင်နယ်ကို ရောက်ရှိလာပါကမစ်ခီတာရန်ဟာ အမ်းမရိတ်ကနေ ထွက်ခွာသွားနိုင်တယ်လို့ သိရပါတယ်။ အသက် (၂၉) နှစ်အရွယ် မစ်ခီတာရန်ဟာ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် အနားယူနေရပြီး ခြေစွမ်းမပြနိုင်မှုကြောင့် အာဆင်နယ်ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်ခြင်းကို ခံနေရပါတယ်။အသက် (၂၅) နှစ်အရွယ် ဒန်းနစ်ဆွာရက်ဇ်ဟာ မစ်ခီတာရန်လိုပဲ ကွင်းလယ်တိုက်စစ်မှာ အကောင်းဆုံးကစားနိုင်တဲ့အပြင်တောင်ပံအထိပါလိုက်ပါကစားနိုင်စွမ်းရှိတယ်လို့သိရပါတယ်။

ချန်ပီယံရှစ်ကလပ် ရက်ဒင်း အသင်းဟာ အသက် (၂၁) နှစ်အရွယ် လစ်ဗာပူးလ်ကွင်းလယ်လူ အိုဗီ အီဂျာရီယာကိုလက်ရှိရာသီအကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင်ကြေညာသွားခဲ့ပါတယ်။ အီဂျာရီယာဟာ ပြီးခဲ့တဲ့ ရာသီမှာ ဆန်းဒါးလန်းအသင်းမှာ အငှားနဲ့သွားရောက်ကစားခဲ့ပြီး လက်ရှိရာသီရဲ့ ပထမရာသီဝက်မှာလည်း လစ်ဗာပူးလ်ဂန္တဝင် စတီဗင်ဂျာရတ်ကိုင်တွယ်နေတဲ့ စကော့တလန် ကလပ် ရိန်းဂျားစ်အသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့သူ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးကွင်းလယ်လူ မောက်ဆာဒမ်ဘီလီဟာ တရုတ်စူပါလိဂ် ကလပ် ဘေကျင်းဂိုအန်အသင်းကိုရောက်ရှိဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ တော့တင်ဟမ်ဟာ ၄င်းတို့ရဲ့ အသက် (၃၁)နှစ်အရွယ် ကွင်းလယ်လူအတွက် ပေါင် (၁၁) သန်းဈေးခေါ်ထားတယ်လို့ Daily Mail ကဖော်ပြထားပါတယ်။ လက်ရှိစပါးရဲ့ကွင်းလယ်မှာ ရွေးချယ်စရာများပြားနေတာကြောင့် နည်းပြပိုချက်တီနိုအနေနဲ့ကလည်း ဘယ်လ်ဂျီယံသား ကွင်းလယ်လူ ဒမ်ဘီလီကို ရောင်းချသွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။ဒမ်ဘီလီဟာ ခြေချင်းဝတ် ဒဏ်ရာကနေ သက်သာလာခဲ့တာ မကြာသေးဘူးလို့သိရပါတယ်။

ဝက်စ်ဟမ်းအသင်းဟာလည်း အာဆင်နယ်အငှားနဲ့ ခေါ်ယူလိုနေတဲ့ ဘာစီလိုနာကွင်းလယ်လူ ဒန်းနစ်ဆွာရက်ဇ်ကို အပြီးသတ်ခေါ်ယူဖို့ ပေါင်သန်း (၂၀) နဲ့ ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့တယ်လို့ The Sun သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ဘာစီလိုနာက ၄င်းတို့အနေနဲ့ ဒန်းနစ်ဆွာရက်ဇ်ကို လက်ရှိအပြောင်းအရွှေ့ကာလမှာ လက်လွတ်သွားလိုခြင်းမရှိဘူးလို့ အာဆင်နယ်ကိုပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝက်စ်ဟမ်းကတော့ ဘာစီလိုနာမှာ နေရာမရဖြစ်နေတဲ့ အသက် (၂၅) နှစ်အရွယ်ကွင်းလယ်လူကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ စီးရီးအေကလပ် ဂျီနိုအာတိုက်စစ်မှူး ပီယာတက်ကို အငှားနဲ့ ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ Dario AS သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ လက်ရှိရီးရဲလ် မက်ဒရစ်နည်းပြ ဆန်တီယာဂို ဆိုလာရီရဲ့ လူစာရင်းမှာတော့တိုက်စစ်ပိုင်းမှာ ဒဏ်ရာပြဿနာတွေ ကြုံတွေ့နေရပြီး ဂါရတ်ဘေးလ်၊ မာကိုအဆန်စီယိုအစရှိတဲ့ ကစားသမားတွေဟာလည်းအနားယူနေရပါတယ်။ လာမယ့်နွေရာသီမှာ ဘယ်လ်ဂျီယံကြယ်ပွင့် ဟာဇက်ရောက်ရှိဖို့ ရေပန်းစားနေပေမယ့်လည်း ရီးရဲလ်ကတော့ကစားသမားအင်အားကို အမြန်ဖြည့်တင်းသွားလိုနေတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီကွင်းလယ်လူ ရာဘီယော့ဟာ လက်ရှိရာသီအကုန် နွေရာသီအပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာအသင်းကိုရောက်ရှိဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိသွားခဲ့ပြီလို့ The Sun ကဖော်ပြသွားခဲ့ပါတယ်။ ရာဘီယော့ဟာ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ဘာစီလိုနာအနေနဲ့ အပြီးသတ်ခေါ်ယူသွားလိုနေတာဖြစ်ပါတယ်။ ပြင်သစ်သားကွင်းလယ်လူ ရာဘီယော့ဟာ ဘာစီလိုနာနဲ့ ငါးနှစ်သက်တမ်းတစ်ရပ်ရှိတဲ့ စာချုပ်ချုပ်ဆိုသွားဖွယ်ရှိပြီး လက်မှတ်ထိုးကြေး ဘောနပ်စ်တွေလည်း ရရှိသွားဦးမယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပစ်မှတ်ကစားသမား ချဲလ်ဆီးကြယ်ပွင့် ဟက်ဆန်အိုဒိုအီကို စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်ကလည်း ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ Mirror ကဖော်ပြသွားခဲ့ပါတယ်။ သတင်းတွေအရ ဂျူဗင်တပ်စ်ဟာ အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေးကို ကမ်းလမ်းမှုတစ်ခု ပြုလုပ်ပြီးတဲ့ အပြင် အဆိုပါ (၁၈) နှစ်သားလေးကိုလည်း ခေါ်ယူချင်နေတာဖြစ်တယ်လို့ သိရပါတယ်။ဘိုင်ယန်ကတော့ အိုဒိုအီအတွက် သုံးကြိမ်မြောက်ကမ်းလှမ်းမှု အဖြစ် ပေါင်သန်း (၃၀) နဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ချဲလ်ဆီးနည်းပြဆာရီကတော့ အိုဒိုအီကို အသင်းမှာပဲ ဆက်ရှိနေစေလိုကြောင်း အတိအလင်းပြောကြားထားပါတယ်။