ယခုတစ်ပတ်ကစားမယ့် ပရီးမီးယားလိဂ် မှာတော့ ပွဲကြီးပွဲကောင်းတစ်ပွဲကတော့ ဝင်ဘလေကွင်းမှာ ကစားမယ့် တော့တင်ဟမ်ဟော့စပါးနဲ့ မန်ချက်စတာယူနိုက်တက်တို့ ထိပ်တိုက်တွေ့ဆုံမယ့်ပွဲစဉ်ပဲဖြစ်ပါတယ်။ မော်ရင်ဟိုကို ထုတ်ပယ်လိုက်ပြီးနောက် ယာယီနည်းပြဆိုးရှားလက်အောက်မှာ ပြိုင်ပွဲစုံ (၅) ပွဲဆက်တိုက်အနိုင်ရရှိထားတဲ့ ယူနိုက်တက်အတွက်တော့ ဒီပွဲဟာ စမ်းသပ်ချက်အကြီးစား တစ်ခုဖြစ်လာနိုင်ပါတယ်။ နည်းပြပိုချက်တီနိုရဲ့ စပါးအသင်းဟာလည်း လက်ရှိအမှတ်ပေးဇယားရဲ့ အဆင့်(၃) အထိရောက်ရှိနေပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်အချို့မှာ ဂိုးပြတ်နိုင်ပွဲတွေနဲ့ အတူတိုက်စစ်အင်အားကိုပြသထားတာကိုတွေ့ရပါတယ်။ သူတို့နှစ်သင်း ကစားမယ့်အချိန်ကတော့ လာမယ့် တနင်္ဂနွေနေ့၊ မြန်မာစံတော်ချိန် ည (၁၁း၀၀) နာရီမှာပဲ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု မှတ်တမ်း

စပါးနဲ့ မန်ယူတို့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် (၅)ပွဲမှာတော့ စပါးက (၃) ပွဲအနိုင်ရရှိထားပြီး မန်ယူကတော့(၂) ပွဲအနိုင်ရရှိထားပါတယ်။ စပါးဟာလာမယ့် ပွဲမှာတော့ ၁၉၆၀ ခုနှစ်နောက်ပိုင်းမန်ယူကို ပထမဦးဆုံးအကြိမ် (၃) ပွဲဆက်အနိုင်ရရှိအောင် ကြိုးစားလာနိုင်ပါတယ်။ မန်ယူဟာ စပါးအိမ်ကွင်းမှာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၃) ပွဲစလုံးကို ရှုံးနိမ့်ထားပါတယ်။ မန်ယူဟာ ၁၉၉၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၂၃) ပွဲမှာ (၃) ပွဲသာ ရှုံးနိမ့်ခဲ့ဖူးပြီး (၁၂)ပွဲနိုင်၊ (၈) ပွဲသရေကျထားတယ်လို့ သိရပါတယ်။ စပါးဟာ လာမယ့်ပွဲမှာ မန်ယူကို အနိုင်ရရှိခဲ့ပါက ၁၉၈၇ ခုနှစ်နောက်ပိုင်း အိမ်ကွင်းမှာမန်ယူကို (၄) ပွဲဆက်အနိုင်ရရှိတဲ့ ပထမဦးဆုံးအသင်းဖြစ်လာလိမ့်မယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာဝင်ဘလေကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၃) ပွဲမှာ (၂) ပွဲအထိ ရှုံးနိမ့်ထားပါတယ်။

ဒဏ်ရာရပွဲပယ် ကစားသမားစာရင်း

တော့တင်ဟမ်ဟော့စပါး – အဲရစ်ဒိုင်ယာ (မသေချာ)၊ ဗာတွန်ဂန်၊ လူးကပ်စ်မော်ရာ၊ ဒမ်ဘီလီ၊ ဝမ်ယာမာ။
မန်ချက်စတာယူနိုက်တက် – အလက်ဆစ်ဆန်းချက် (မသေချာ)၊ စမောလင်း၊ မားကို့စ်ရိုဟို၊ ပေါ့ဘာ (မသေချာ)။

ပွဲကြိုသုံးသပ်ချက်နှင့် ခန့်မှန်း

နည်းပြပိုချက်တီနိုလက်ထက်မှာ တစ်စထက် တစ်စ တိုးတက်လာတဲ့ စပါးအသင်းဟာ လက်ရှိရာသီမှာလည်း မာကျောကျစ်လစ်မှုကို ပြသထားပြီး အနိုင်ရရှိသင့်တဲ့ ပွဲတွေအားလုံးကို အနိုင်ရရှိအောင် ကစားထားနိုင်ခဲ့တဲ့အတွက် အမှတ်ပေးဇယားရဲ့ တတိယနေရာအထိကို ရောက်ရှိနေပါတယ်။ လက်ရှိအနေအထားအရပြောရမယ်ဆိုရင်တော့ စပါးဟာ နည်းပြဆိုးရှားရဲ့ မန်ယူအသင်းထက်ပိုကောင်းနေတဲ့ အသင်းအဖြစ် သတ်မှတ်လို့ရနိုင်ပါတယ်။ စပါးဟာ ကစားပုံကောင်းမွန်နေတဲ့ အပြင်တိုက်စစ်ကပါ ဂိုးမြူးနေတာကြောင့် ယူနိုက်တက်ရဲ့ခံစစ်ကြောင်းဟာ တော်တော်လေးကို အလုပ်ရှုပ်သွားနိုင်ပါတယ်။ စပါးဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၇) ပွဲမှာ သွင်းဂိုးပေါင်း (၂၅) ဂိုးအထိ ရရှိအောင်စွမ်းဆောင်ထားပါတယ်။

မော်ရင်ဟိုကို ထုတ်ပယ်လိုက်ပြီးနောက် တိုက်စစ်ကစားဟန်တွေနဲ့အတူ ဂိုးပြတ်နိုင်ပွဲတွေဆက်ခဲ့ပြီး ပရိသတ်ရဲ့ထောက်ခံအားပေးမှု အပြည့်ရရှိထားတဲ့ ယာယီနည်းပြဆိုးရှားအတွက်တော့ ဒီပွဲဟာ စမ်းသပ်ချက်အကြီးစားဖြစ်ပါတယ်။ စိတ်ဓာတ်အင်အားကောင်းမွန်နေတဲ့ ယူနိုက်တက်အနေနဲ့ ဒီပွဲမှာတော့ အဝေးကွင်းဖြစ်ပေမယ့်လည်း စပါးကို အကောင်းဆုံးတုန့်ပြန်သွားနိုင်ပါတယ်။ ဆိုးရှားလက်အောက်မှာ ပုံမှန်ခြေစွမ်းပြန်ရနေတဲ့ ပေါ့ဘာ မပါဝင်လာနိုင်ရင်တော့ ယူနိုက်တက်ရဲ့ ကွင်းလယ်ပိုင်းမှာ အားနည်းချက်ရှိလာနိုင်ပါတယ်။ ဝင်ဘလေမှာ ရုန်းကန်ရလေ့ရှိတဲ့ မန်ယူအနေနဲ့ ဒီပွဲမှာတော့ ဟယ်ရီကိန်း၊ အယ်လီ၊ ဆွန်ဟောင်မင်၊ အဲရစ်ဆင်တို့ရဲ့ တိုက်စစ်တွဲလုံးတွေကို ခက်ခက်ခဲခဲထိန်းသွားရနိုင်ခြေရှိပြီး အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ဖို့ကတော့ လွယ်ကူမယ်မထင်ပါဘူး။

ခန့်မှန်းရလဒ် ။ ။ တော့တင်ဟမ်ဟော့စပါး ၂ – ၁ မန်ချက်စတာယူနိုက်တက်။